မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံပြီး နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံပြီး နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 8 December 2023

မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံပြီး နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် ရှစ်ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ဒီဇင်ဘာ ၇ ရက်တွင် ပေကျင်းမြို့ရှိ China World ဟိုတယ်၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီဘာဟီဒါနူကာရာ တို့တွေ့ဆုံခဲ့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာ-ထိုင်း နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်မှု အလားအလာများ၊ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသများတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအား နေရပ်ပြန်လည်ပို့ဆောင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် တရားဥပဒေအရ ၎င်းတို့ရပိုင်ခံစားခွင့်များ ရရှိစေရေးနှင့် အကာအကွယ်ပေးသွားရေးနှင့် နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။