မုန်းမြို့၏ အရှေ့ဘက်ရှိ တပ်ရင်းတစ်ရင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများရှိပြီး သံတံတားစခန်းနှင့် ကျန်တပ်ရင်းတွင် အဝေးကနေ ပစ်ခတ်ခြင်းမျိုးသာရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဒီဇင်ဘာ ၄ ရက်တွင် မုန်းမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီနေရာမှာ မုန်းမြို့ရဲ့ အရှေ့ဘက် အစွန်ဘက်မှာရှိတဲ့ တပ်ရင်းတစ်ရင်းရှိပါတယ်။ ဒီတပ်ရင်းမှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ ဒီနေ့ညနေပိုင်းအထိ အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိနေပါတယ်။ ခုနကပြောတဲ့ သံတံတားစခန်းနဲ့ နောက်ထပ်တပ်ရင်းတစ်ရင်းမှာတော့ အဝေးကနေ ပစ်ခတ်မှုလောက်ပဲ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မုန်းမြို့ရှိ တပ်မတော်တပ်ရင်းများအား တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထားသည်ဆိုသော သတင်းများနှင့် မြို့အဝင်ရှိ သံတံတားစခန်းများအား တိုက်ခိုက်သိမ်းပိုက်ထားပြီးဆိုသော သတင်းများကို ထုတ်လွှတ်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အနီးမှာတော့ မုန်းဘက်မှာဖြစ်နေတဲ့ ဖြစ်စဉ်ရှိပါတယ်။ အဲ့မှာလည်း ကျွန်တော်တို့ မျိုးစုံပေါ့လေ၊ မုန်းမြို့ကို သိမ်းပိုက်တိုက်ခိုက်ပြီးပြီတို့၊ မုန်းဆိုတာ တိုက်နယ်အဆင့်ရှိတဲ့ မြို့ငယ်တစ်ခုပဲဖြစ်ပါတယ်။ အဲ့မှာရှိတဲ့ တပ်ရင်းနှစ်ရင်းလုံးကို သိမ်းပိုက်ပြီးပြီတို့၊ ပြီးရင် မြို့ရဲ့ အဝင်ဘက်ပေါ့၊ ဟိုဘက် ဖြူးဘက်ကနေဝင်တဲ့ အဝင်ဘက်မှာရှိတဲ့ သံတံတားစခန်းကို သိမ်းပိုက်ပြီးပြီဆိုပြီးတော့ သတင်းလွှင့်နေတာတွေ ရှိပါတယ်။ မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ၊ ဒါနဲ့ပတ်သက်ပြီးတော့ ဒါနောက်ကွယ်ကနေပြီးတော့ နောက်ကွယ်က NUG၊ NUG ရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဖွဲ့လည်းရှိပါသေးတယ်။ နိုင်ငံလည်း ရှိပါသေးတယ်။ နောက်ကွယ်ကနေပြီးတော့ အတင်းဖိအားပေးမှုကြောင့် သူတို့အနေနဲ့ မုန်းမြို့ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။
မုန်းမြို့တွင်ဖြစ်ပွားလျက်ရှိသည့် ထိတွေ့တိုက်ပွဲများဖြစ်စဉ်များတွင် ရန်သူအနေနှင့် အကျအဆုံးများစွာရှိပြီး ယနေ့(ဒီဇင်ဘာ ၄ ရက်)တွင် နံနက်ပိုင်းမှစတင်၍ လာရောက်တိုက်ခိုက်နေခြင်းများရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။