မုန်းဒေသရှိ သံတံတားဂိတ်နှင့် ရဲစခန်းများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်က ခြေလျင်၊ လေယာဉ်၊ အမြောက်များ ပေါင်းစပ်ပြီး တိုက်ခိုက်ခဲ့သဖြင့် KNU ၊ PDF ပူးပေါင်းအဖွဲ့များ ပြန်လည်ဆုတ်ခွာနေကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မုန်းဒေသရှိ သံတံတားဂိတ်နှင့် ရဲစခန်းများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်က ခြေလျင်၊ လေယာဉ်၊ အမြောက်များ ပေါင်းစပ်ပြီး တိုက်ခိုက်ခဲ့သဖြင့် KNU ၊ PDF ပူးပေါင်းအဖွဲ့များ ပြန်လည်ဆုတ်ခွာနေကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 4 December 2023

ပုံစာ - ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသကို google map မှ တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး မုန်းဒေသရှိ သံတံတားဂိတ်နှင့် ရဲစခန်းများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်က ခြေလျင်၊ လေယာဉ်၊ အမြောက်များ ပေါင်းစပ်ပြီးတိုက်ခိုက်ခဲ့သဖြင့် KNU ၊ PDF ပူးပေါင်းအဖွဲ့များ ပြန်လည် ဆုတ်ခွာနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီဇင်ဘာ ၃ ရက်တွင် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့(ဒီဇင်ဘာ ၃ ရက်)ထိတွေ့တိုက်ပွဲအနေနဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှာ မနက်ကတည်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပါတယ်။ အဲဒီမှာရှိခဲ့တဲ့ ကျွန်တော်တို့ တပ်ရင်းနှစ်ရင်း၊ ပြီးရင် ဖြူးဘက်ကနေ မုန်းဘက်ကိုဝင်တဲ့ သံတံတားဂိတ်နဲ့ ရဲစခန်းတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရဲစခန်းမှာ လူအင်အား နည်းတဲ့အတွက်ကြောင့်မလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေနဲ့ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ခဲ့ရတာ ရှိပါတယ်။ သံတံတားဂိတ်နဲ့ ကျောက်ကြီးအထွက်မှာရှိတဲ့ တပ်ရင်းနေရာတွေကို တပ်မတော်အနေနဲ့ အပြည့် အဝ ကာကွယ်မှု ပေးခဲ့ပါတယ်။ ဒါ့အပြင် အရှေ့ဘက်မှာရှိတဲ့ ခြေမြန်တပ်ရင်း တစ်ရင်းမှာ ထိတွေ့တိုက်ပွဲ အခုအထိ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ခြေလျင်၊ လေယာဉ်၊ အမြောက် ပေါင်းစပ်ပြီးတော့ ရွပ်ရွပ်ချွံချွံ ချေမှုန်းခဲ့ပါတယ်။ ရန်သူအနေနဲ့ ဒီနေ့ညနေပိုင်းအထိ အကျအဆုံးများစွာရှိပြီး စတင် ဆုတ်ခွာနေ တာကို တွေ့ရပါတယ်” ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် KNU အဖွဲ့နှင့် PDF များသည် မုန်းမြို့ တစ်မြို့လုံးအား ထိန်းချုပ်ထားနိုင်ပြီဆိုသော ကောလာဟလသတင်းများကို မီဒီယာအချို့မှ ထုတ်လွှင့်လျက်ရှိသော်လည်း ၎င်းအဖွဲ့များ၏ ကျဆုံး၊ ဒဏ်ရာ ရှိမှုနှင့် ဆုတ်ခွာရန်အတွက် စီစဉ်နေမှုများကို ၎င်းအဖွဲ့များသာ အသိဆုံးဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ နမ့်ခမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ရှိပါ တယ်။ မူဆယ် ၁၀၅ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ လောက်ကိုင်မြို့အနီးဝန်းကျင်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ယခင်အပတ်ကတည်းက ဖြစ်နေတဲ့ ထရွန်အိုင်စခန်းကို ဒီနေ့မှာလည်း ပြန်လည် တိုက်ခိုက်လာတာမျိုး ရှိပါတယ်။ ဒီမှာလည်း ကျွန်တော်တို့ အနေနဲ့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ စနစ်တကျ ခုခံချေမှုန်းတဲ့အတွက် ရန်သူ အကျအဆုံးများ ရှိပါတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့ ထီးချိုင့်မှာ မြို့နေရာ (၇)နေရာလောက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်”ဟု ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် PDF များသည် မြို့ရွာများအား တိုက်ခိုက်နေခြင်းများရှိပြီး ယင်းတိုက်ခိုက်မှုများအတွင်း PDF အဖွဲ့များနေဖြင့် အကျအဆုံးများစွာနှင့် အထိနာလျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းပြောကြားသည်။

“ သို့သော်လည်း နောက်က အမြဲတမ်း မြှောက်ထိုးပင့်ကော် လုပ်နေတဲ့အတွက်ကြောင့်မလို့ မတိုက်မနေရ မတိုက်မဖြစိဆိုတဲ့ဟာမျိုးနဲ့ သူတို့ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ NUG၊ CRPH၊ PDF အဖွဲ့တွေအနေနဲ့ သူတို့ အမြဲတမ်းပြောဆိုနေတဲ့ ဒီမိုကရေစီ အရေးဆိုတာထက် မြန်မာနိုင်ငံမှာ အလုံးစုံ ပျက်သုန်းရေး၊ သူတို့ အာဏာရရှိရေးကို ဦးတည်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူလူထု လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ ပါးစပ်ကနေပြီး ပြောရုံသက်သက်ပဲ ရှိပါတယ်။ လက်တွေ့မှာတော့ သူတို့သွားနေတဲ့လုပ်ငန်းတွေသည် လူသတ်၊ မုဒိန်းကျင့်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ ပြည်သူလူထုပိုင် အဆောက်အဦတွေ၊ လမ်းတံတားတွေကို ဖျက်တောက်တာတွေ၊ မိုင်းထောင်ဖောက်ခွဲတာတွေ၊ ပြည်သူ လူထုတစ်ရပ်လုံးနဲ့ဆိုင်တဲ့ လျှပ်စစ်တာဝါတိုင်တွေကို ချိုးတာတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေကို ချိုးတာ တွေ၊ လက်တွေ့မှာ ဒီအဖျက်လုပ်ငန်းတွေပဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီအဖျက်သမားတွေရဲ့ ပါးစပ်ကထွက်တဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ယုံစားမိရင်တော့ ဒီအဖျက်သမားတွေနဲ့အတူ ပျက်သုန်း သွားရမှာဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားအားလုံး၏တာဝန်ဖြစ်ခြင်း ကြောင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ၊ မိမိတို့ တက်နိုင်သမျှ စိတ်၏ အားပေးခြင်း၊ ကိုယ်၏အားပေးခြင်း၊ နှုတ်၏ အားပေးခြင်းများနှင့်အတူ ကာကွယ်စောင့်ရှောက်သွား ရန် တာဝန်ရှိကြောင်းနှင့် စုစည်းညီညာစွာ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent