ပါတီဝင်အင်အား မတင်ပြနိုင်တဲ့ ဘယ်နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရဦးမလဲ

ပါတီဝင်အင်အား မတင်ပြနိုင်တဲ့ ဘယ်နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရဦးမလဲ
အောက်တိုဘာ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်  ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်
အောက်တိုဘာ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်
Published 3 December 2023

လက်ရှိမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုနေသလို မှတ်ပုံတင်ခွင့်ရရှိ်တဲ့ နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်အင်အားစာရင်းတွေကလည်း စိစစ်ခြင်းလုပ်ငန်းတွေကို တစ်ပြိုင်တည်း ပြုလုပ်နေပါတယ်။ 

နိုဝင်ဘာ ၂၉ ရက်အထိ UEC က ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၄၅ ပါတီရှိလာပြီး နောက်ဆုံးခွင့်ပြုထားတဲ့ သုံးပါတီကတော့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီတို့ ဖြစ်ပါတယ်။ 

တစ်ဖက်မှာလည်း UEC အနေနဲ့ မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ သတ်မှတ်ပါတီဝင်အင်အားစာရင်းတွေနဲ့ပတ်သက်လို့ စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ဖို့ ညှိနှိုင်းအစည်းအဝေးတွေကို ကျင်းပခဲ့ပါတယ်။ 

စက်တင်ဘာ ၁၈ ရက်ကစပြီး ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ညှိနှိုင်းအစည်းအဝေးတွေကို ကျင်းပခဲ့တာပါ။

ထူးခြားချက်အဖြစ် UEC က မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းတွေမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ ပါတီဝင်အင်အားတွေ ပါဝင်နေတဲ့အပြင် ဝန်ထမ်းတွေလည်း ပါဝင်နေတယ်လို့ UEC က ထုတ်ပြန်လာပါတယ်။ 

ပါတီတွေက ပေးပို့တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းကို UEC က CVLMS Software နဲ့ စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဆီ ‌ပေးပို့ပြီး အချက်အလက်တွေ မှန်ကန်မှု ရှိ မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက Admin DEO Software နဲ့  စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး မြေပြင်အခြေအနေနဲ့ ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ရာမှာ အခုလိုတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေတင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းမှာ ဥပဒေနဲ့အညီ နေထိုင်သူစာရင်းမှာ မရှိသူများ၊ အမည်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တူသူများ အစရှိတဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ပါတီဝင်အင်အားတွေအပြင် ဝန်ထမ်းများပါဝင်နေခြင်း၊ နေရပ်လိပ်စာပြည့်စုံမှုမရှိတဲ့ ပါတီဝင်များ ပါဝင်နေတာကို တွေ့ရတယ်လို့ UEC က ဆိုပါတယ်။ 

UEC အနေနဲ့ကလည်း နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ သတ်မှတ်ပါတီဝင်အင်အားစာရင်း မှန်ကန်မှု ရှိ မရှိ၊ မြေပြင်မှာ အမှန်တကယ်နေထိုင်ခြင်း ရှိ မရှိ စိစစ်ခြင်းလုပ်ငန်းတွေကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားတယ်။ 

နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်အင်အားစာရင်းကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က ပူးပေါင်းစိစစ်နေတာလည်း ဖြစ်ပါတယ်။ 

■ ''ဥပဒေအသစ်ကြောင့်လား''

နစကက နိုင်ငံရေးပါတီများ မှတ်ပုံခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်နဲ့ UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ရဲ့ ပြဋ္ဌာန်းချက်အရ လက်ရှိတည်ဆဲပါတီအားလုံး လာမယ့်ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး မတင်ရင် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်မယ်လို့ ဥပဒေအသစ်က ဆိုပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ် စတင်ပြဋ္ဌာန်းတာဟာ ဇန်နဝါရီ ၂၆ ရက်ဖြစ်တဲ့အတွက် ရက်ပေါင်း ၆၀ ပြည်တဲ့နေ့ဟာ မတ် ၂၆ ရက်ဖြစ်ပေမဲ့ ရုံးပိတ်ရက်ဖြစ်နေတာကြောင့် မတ် ၂၈ ရက်မှာ နောက်ဆုံးလာရောက်လျှောက်ထားဖို့ UEC က ကြေညာခဲ့ပါတယ်။ 

နစကက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့နဲ့ ပါတီဆက်လက်ရပ်တည်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ရဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လာရောက်လျှောက်ထားတဲ့ပါတီ ၆၄ ပါတီ ရှိပါတယ်။ 

ဒီလို လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၄ ပါတီရှိတဲ့အနက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားတဲ့ပါတီ ၅၀ ရှိပြီး ပုဒ်မ ၃ အရ လျှောက်ထားတဲ့ပါတီ ၁၄ ပါတီရှိတယ်လို့ UEC က ထုတ်ပြန်ပါတယ်။ 

ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ ၁၂ ပါတီရှိပြီး တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီ ၅၂ ပါတီရှိတယ်လို့ UEC က ဆိုပါတယ်။

UEC အနေနဲ့ နိုဝင်ဘာ ၂၉ ရက်အထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီ ၄၅ ပါတီအထိ ရှိလာပါတယ်။  

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) အရ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အရင် နအဖလက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတော့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့  ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းခဲ့တာပါ။

ဥပဒေအဟောင်းနဲ့ အသစ်ကို ယှဉ်ကြည့်ရင် ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက စည်းရုံးရမယ့် ပါတီဝင်အင်အားက အဆ ၁၀၀ ကွာနေတာကို တွေ့ရမှာပါ။ နောက်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဖြစ်ပါက စည်းရုံးရမယ့်ပါတီဝင်အင်အားကို နှစ်ဆမြှင့်ထားပါတယ်။ 

ဒါကြောင့်လည်း UEC က ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေ တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းမှာ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့သူတွေ ပါဝင်နေတာဟာ နစကက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့်လားလို့ နိုင်ငံရေးလေ့လာသူတွေက မေးခွန်းထုတ်နေကြပါတယ်။ 

■ ''လုံခြုံရေးအခြေအနေကြောင့်လား''

လက်ရှိမှာ UEC က နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုခဲ့ပေမဲ့ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပါတီလုပ်ငန်းစဉ်လုပ်ဆောင်ဖို့ အခက်အခဲတွေရှိတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုပါတယ်။ 

လုံခြုံရေးအခြေအနေကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီစည်းရုံးရေးမဆင်းနိုင်တာ၊ တိုင်းနဲ့ပြည်နယ်အလိုက် ပါတီဝင်အင်အား စုစည်းဖို့ အခက်အခဲရှိတာ၊ ပါတီညီလာခံ မကျင်းပနိုင်တာ စတဲ့ အခြေအနေတွေ ရှိတယ်လို့လည်း ထောက်ပြပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတာပါ။ 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းတဲ့ မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိတယ်လို့ နစကဥက္ကဋ္ဌက ဆိုထားပါတယ်။ 

လက်ရှိမှာလည်း ပြည်နယ်နဲ့တိုင်း ၁၀ ခုက မြို့နယ် ၅၅ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားရတဲ့ အခြေအနေပါ။

ရန်ကုန်တိုင်းမှာ ခြောက်မြို့နယ်၊ ချင်းပြည်နယ်မှာ ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၄ မြို့နယ်၊ ပဲခူးတိုင်းမှာ ငါးမြို့နယ်၊ မကွေးတိုင်းမှာ ငါးမြို့နယ်၊ ကယားပြည်နယ်မှာ လေးမြို့နယ်၊ မွန်ပြည်နယ်မှာ တစ်မြို့နယ်၊ ကရင်ပြည်နယ်မှာ နှစ်မြို့နယ်၊ တနသာင်္ရီတိုင်းမှာ နှစ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မှာ ရှစ်မြို့နယ်တို့ကို နစကက စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။  

စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရတဲ့ ပြည်နယ်နဲ့ တိုင်း ၁၀ ခုအနက် စစ်ကိုင်းတိုင်းက မြို့နယ် ၁၄ မြို့နယ်နဲ့ အများဆုံးကြေညာခံထားရပြီး ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်က ရှစ်မြို့နယ်နဲ့ ဒုတိယ၊ ရန်ကုန်တိုင်းက ခြောက်မြို့နယ်နဲ့ တတိယ အသီးသီးကြေညာခံထားရတာပါ။ 

ဒီလိုလုံခြုံရေးအခြေအနေတွေကြောင့်လည်း နိုင်ငံရေးပါတီတွေအနေနဲ့ လွတ်လွတ်လပ်လပ် ပါတီစည်းရုံးရေးဆင်းနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။

နောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) အရ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမှာဖြစ်တယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက်ကြောင့်လည်း မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေအနေနဲ့ ဆုပ်လည်းစူး စားလည်းရူး အခြေအနေဖြစ်နေတယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက ထောက်ပြပါတယ်။ 

■ ''ဘယ်ပါတီတွေ ဖျက်သိမ်းခံရမလဲ''

မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေတင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းမှာ ဥပဒေနဲ့အညီ နေထိုင်သူစာရင်းမှာ မရှိသူများ၊ အမည်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တူသူများ အစရှိတဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ပါတီဝင်အင်အားတွေအပြင် ဝန်ထမ်းများပါဝင်နေခြင်း၊ နေရပ်လိပ်စာပြည့်စုံမှုမရှိတဲ့ ပါတီဝင်များ ပါဝင်နေတာကို တွေ့ရတဲ့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀ ပါ အရည်အချင်းနဲ့ ကိုက်ညီသူကိုသာ ပါတီဝင်အဖြစ်စည်းရုံးဖို့ UEC က တိုက်တွန်းထားပါတယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၀ မှာ ပါတီဝင်အဖြစ် စည်းရုံးရမယ့်သူကို သတ်မှတ်ရာမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီသူဖြစ်ခြင်း၊ သာသနာ့ဝန်ထမ်းမဟုတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ခြင်း၊ ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း၊ သောင်းကျန်းသူအဖွဲ့အစည်း ဒါမှမဟုတ် မတရားအသင်းအဖွဲ့အစည်းဝင် မဟုတ်ခြင်း၊ မူးယစ်ဆေးပြစ်မှုနဲ့ ငြိစွန်းသူ မဟုတ်ခြင်း၊ နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ခြင်း၊ တခြားနိုင်ငံရေးပါတီတစ်ခုခုရဲ့ ပါတီဝင်မဟုတ်ခြင်းနဲ့ ပုဒ်မ ၆ ပါအချက်များကို စောင့်ထိန်းလိုက်နာသူဖြစ်ခြင်း စတဲ့အချက်တွေ ပြဋ္ဌာန်းထားပါတယ်။ 

လက်ရှိမှာ UEC က မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၁၃ အရ ပါတီဝင်အင်အားစာရင်းကို UEC ထံ တင်ပြနေရတာလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၁၃ မှာ နိုင်ငံရေးပါတီတစ်ခုဟာ ပုဒ်မ ၅ ပုဒ်မခွဲ (စ) ပါ အနည်းဆုံးပါတီဝင်အရေအတွက်ကို သတ်မှတ်ရက်အတွင်း စည်းရုံးရရှိပြီးကြောင်း UEC ဆီ တင်ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

ဒီလိုတင်ပြပြီးနောက်ပိုင်း နိုင်ငံရေးပါတီရဲ့ ပါတီဝင်အရေအတွက်ဟာ သတ်မှတ်ထားတဲ့ အနည်းဆုံးပါတီဝင်အရေအတွက်အောက် လျော့နည်းသွားရင် ရက်ပေါင်း ၉၀ အတွင်း ပြည့်မီအောင် ဆောင်ရွက်ရပါမယ်။ 

ပါတီအနေနဲ့ ဆောင်ရွက်ခြင်း မပြုနိုင်ရင်တော့ UEC က အဲဒီပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်မှာဖြစ်ပြီး ပါတီကိုလည်း ဖျက်သိမ်းသွားမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

လက်ရှိအခြေအနေမှာတော့ မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေအတွက် ခေါင်းခဲရတဲ့ အခြေအနေပါ။

ဘာကြောင့်လဲဆိုတော့ မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းတွေမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ ပါတီဝင်အင်အားတွေ ပါဝင်နေတဲ့အပြင် ဝန်ထမ်းတွေလည်း ပါဝင်နေတယ်လို့ UEC က ထုတ်ပြန်ထားတဲ့အတွက် တကယ်လို့သာ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားတဲ့ အနည်းဆုံးပါတီဝင်အရေအတွက် မပြည့်ခဲ့ရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ခံရမှာဖြစ်သလို ပါတီကိုလည်း ဖျက်သိမ်းခံရမှာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမှာပဲ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ပါတီဝင်စာရင်း တင်ပြနိုင်ခြင်းမရှိတာကြောင့် ဖျက်သိမ်းလိုက်တယ်လို့ နိုဝင်ဘာ ၂၀ ရက်မှ UEC က ထုတ်ပြန်ပါတယ်။ 

UEC အနေနဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ 

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ဦးကို ဥပဒေ သတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်တဲ့အပြင်  ပါတီဝင်အင်အား ပြည့်မီရေးအတွက် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လည်တင်ပြဖို့ အကြောင်းကြားခဲ့ပေမဲ့ တင်ပြနိုင်မှုမရှိတာကြောင့် ဖျက်သိမ်းခံရတာလည်း ဖြစ်ပါတယ်။

    

ဒါကြောင့် UEC အနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ လိုက်နာနိုင်ခြင်း မရှိတဲ့ ဘယ်နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ပြီး ထပ်မံဖျက်သိမ်းသွားမလဲဆိုတာ နိုင်ငံရေးလေ့လာသူတွေက ဆက်လက်စောင့်ကြည့်လျက်ရှိကြပါတယ်။  

Most Read

Most Recent