လောက်ကိုင်မှ ပြန်လာသည့် ရှမ်းနှင့် တအာင်းလူငယ်များကို အဓိကထားပြီး MNDAA အဖွဲ့ကဖမ်းဆီးကာ စစ်သားစုဆောင်းနေဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

လောက်ကိုင်မှ ပြန်လာသည့် ရှမ်းနှင့် တအာင်းလူငယ်များကို အဓိကထားပြီး MNDAA အဖွဲ့ကဖမ်းဆီးကာ စစ်သားစုဆောင်းနေဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 2 December 2023

ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ လောက်ကိုင်ဒေသတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် ရှမ်းလူမျိုးနှင့် တအာင်း လူမျိုးလူငယ်များကို အဓိကထားပြီး MNDAA အဖွဲ့က ဖမ်းဆီးကာ စစ်သားစုဆောင်းနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောကြားသည်။

လောက်ကိုင်တွင် သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လာသူများအား MNDAA အဖွဲ့က စစ်သားစု ဆောင်းနေမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လောက်ကိုင်မှာသွားပြီး အလုပ် လုပ်နေတဲ့သူတွေ ရှိပါတယ်။ ပြန်လာခဲ့အခါမှာ အရွယ်ကောင်းတွေဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ အသက် ၄၀ ကြားမှာရှိတဲ့ လူငယ်တွေကို ပြန်လွှတ်မပေးဘဲနဲ့ MNDAA အနေနဲ့ ဖမ်းဆီး ခေါ်ဆောင်ပြီး စစ်သားစုဆောင်းနေတယ်ဆိုတဲ့ သတင်းများလည်း ရရှိပါတယ်။ အဓိကအားဖြင့် ရှမ်းလူမျိုးနဲ့ တအာင်းတွေကို စုဆောင်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အောက်တိုဘာ ၂၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့၏ လက်နက်ကိုင် ပဋိပက္ခများကြောင့် လောက်ကိုင်ဒေသတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားသည် မိမိတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လာလျက် ရှိကြောင်း သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ သူတို့အနေနဲ့ ဒီမိုကရေစီအရေး၊ ပြီးရင် ဖက်ဒရယ်အရေးလို့ အမည်တပ်ထား ပေမယ့် သူတို့လုပ်ကိုင်နေတဲ့ ဟာတွေသည် အလုံးစုံပျက်သုန်းရေး၊ ပြည်သူတွေရဲ့ စီးပွားရေးကို အဓိက ထိခိုက်တဲ့ လမ်းပန်းဆက်သွယ်ရေးကို အဓိက ထိခိုက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အပြင် အခု နောက်ပိုင်းမှာ အတင်းအဓမ္မ စစ်သား စုဆောင်းမှုကိုပါ လုပ်ဆောင်နေကြောင်း တွေ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးအနေနဲ့ ဝိုင်းဝန်းပြီး တိုက်ဖျက်သွားရမှာ ဖြစ်ပါတယ်’’ ဟု ပြောကြားသည်။

အထက်ပါဖြစ်စဉ်များအား တိုက်ဖျက်နိုင်ခြင်းမရှိပါက ယခင်က တိုင်းရင်းသားဒေသများတွင် ပေါ်ပေါက်ခဲ့ သည့် စစ်ဘုရင်ဝါဒ ထပ်မံကြီးစိုးလာမည်ဖြစ်ပြီး လက်နက်အားကိုးပြီး လက်နက်နှင့် အနိုင်ကျင့်သည့် ကိစ္စများ ထပ်မံပေါ်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent