ကရင်ပြည်နယ် ကော့ကရိတ်မြို့ပတ်ဝန်းကျင်နှင့် အာရှလမ်းဘက်တို့တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ရုံးအဆောက်အဦးနှင့် မောင်တော်ယာဉ်အချို့ မီးလောင်ပျက်စီးပြီး အရပ်သားပြည်သူထိခိုက်ဒဏ်ရာရရှိကာ နယ်စပ်ကုန်တင်ယာဉ်အများအပြား ပိတ်မိနေကြောင်း ကော့ကရိတ်ဒေသခံများထံမှ သိရသည်။
မြို့တွင်းနှင့် ပတ်ဝန်းကျင်နေရာများ၊ အာရှလမ်းတစ်လျှောက်တို့တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ဒဏ်ရာရသူအချို့ရှိကြောင်း ကြားသိရသော်လည်း ကူညီကယ်ဆယ်ရေး မလုပ်ပေးနိုင်ကြောင်း ကော့ကရိတ်ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တိုက်ပွဲကတော့ ညကတည်းက ပြင်းထန်နေပါတယ်၊ မြို့တွင်းရော မြို့ပြင်ရော၊ အာရှလမ်းပိုင်းမှာ ပိုဖြစ်ပါတယ်၊ အရပ်သားအထိအခိုက်ရှိတယ်လို့ ကြားသိရပေမဲ့ ကူညီကယ်ဆယ်ရေးမထွက်နိုင်ဘူး။ ကယ်ဆယ်ရေးသမားက ကယ်ဆယ်ရေးမလုပ်နိုင်တော့ စိတ်မကောင်းပါဘူး၊ အဖွဲ့သားတွေလည်း ဘေးလွတ်ရာမှာ နေနေရပါတယ်” ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်း တာဝန်ခံကိုထိုက်က ပြောကြားသည်။
ကော့ကရိတ်အဝင် လှိုင်ဝ၊ ကြာပန်းအဝိုင်းနှင့် တောင်ခြေကြားပိတ်မိနေသော ကုန်တင်ယာဉ်များ၊ ခရီးသွားကားများ အများအပြားရှိပြီး စက်မှုလယ်ယာအနီးတွင် ကားတစ်စီး မီးလောင်ကျွမ်းသွားကြောင်း ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
ကော့ကရိတ်အနီး ရွှေကြက်ယက်၊ ကျောက်စရစ်ကုန်း၊ သပြေကုန်းကျေးရွာဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်သူများရှိသော်လည်း တိုက်ပွဲကြား ပိတ်မိနေသူ အများအပြားရှိကြောင်း သိရသည်။
ထို့အတူ လှိုင်ဝရွာနှင့် ကော့ကရိတ်မြို့ထိပ်အောက်ရွာကြားလည်း လက်နက်ကြီးလက်နက်ငယ်များ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အာရှလမ်းသစ်ကော့ကရိတ်ဝန်းကျင်၌ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးယာဉ်များ ကုန်သွယ်မှုယာယီရပ်ဆိုင်းထားရပြီး အချို့သော ကုန်တင်ယာဉ်များနှင့် ခရီးသွားကားအချို့မှာ ထို့ကော်ကိုးလမ်းပိုင်းမှ သွားလာနေကြကြောင်း သိရသည်။