AA အဖွဲ့အနေဖြင့် ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်၍ MNDAA အဖွဲ့နှင့်ဖြစ်ပွားသည့် ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

AA အဖွဲ့အနေဖြင့် ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်၍ MNDAA အဖွဲ့နှင့်ဖြစ်ပွားသည့် ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
Published 30 November 2023

နီပွန်ဖောင်ဒေးရှင်း၏ စေ့စပ်စီစဉ်ပေးမှုကြောင့် ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ရုပ်သိမ်းပေးခဲ့သော်လည်း AA အဖွဲ့အနေဖြင့် ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်၍ MNDAA အဖွဲ့နှင့်ဖြစ်ပွားသည့် ဖြစ်စဉ်များတွင်ပါဝင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၆/၂၀၂၃) အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

AA အဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် KIA နယ်မြေတွင်စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျောက်တော်မြို့နယ်အတွင်း၌ ဒေသခံပြည်သူများအား လူသစ်စုဆောင်းခြင်းနှင့် တပ်တည်ဆောက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အတွက် တပ်မတော်မှ ရှင်းလင်းဆောင်ရွက်ခဲ့ရ ကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ်တွင်လည်း နယ်စပ်ကင်းစခန်းများကို တိုက်ခိုက်ခဲ့သကဲ့သို့ ပလက်ဝမြို့နယ်မှ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် တုန့်ပြန်ဆောင်ရွက်ခဲ့ ရကြောင်း၊ ထိုအချိန်မှစ၍ ရခိုင်ပြည်နယ်အတွင်း AA နှင့် တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် နီပွန်ဖောင်ဒေးရှင်းမှ စေ့စပ်စီစဉ်ပေးမှုဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပေးခဲ့ပြီး တစ်ဖက်မှလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ရုတ်သိမ်းပေးခဲ့ကြောင်း၊ ထိုအချိန်မှစ၍ AA အဖွဲ့အနေဖြင့် လူသစ်စုခြင်း၊ ပြန်ပေးဆွဲခြင်း၊ အုပ်ချုပ်မှုကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် တပ်စခန်းများ တိုးချဲ့ဆောက်လုပ်လာခြင်းကြောင့် မိမိတို့အနေဖြင့် အကြိမ်ကြိမ်သတိပေး ဆောင်ရွက်ခဲ့ရကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

AA အဖွဲ့အနေဖြင့် ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်၍ MNDAA အဖွဲ့နှင့်ဖြစ်ပွားသည့် ဖြစ်စဉ်များတွင်ပါဝင်ခဲ့ပြီး မကြာခင်ကလည်း ပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခု နှင့် ပေါက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းအချို့ကိုလည်း  တိုက်ခိုက်ခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ချေမှုန်းတိုက်ခိုက်မှုများကြောင့် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး AA အဖွဲ့မှ ထိခိုက်ကျဆုံးမှုများပြားသလို မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ထိခိုက်ကျဆုံးမှုရှိကြောင်း၊ AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ အချို့ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ ဝန်ထမ်း များ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သကဲ့သို့ မော်တော်ယာဉ် ယာဉ်မောင်းများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent