ရှမ်း လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် SSPP/ SSA နှင့် RCSS/SSA တို့အကြား အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်

ရှမ်း လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် SSPP/ SSA နှင့် RCSS/SSA တို့အကြား အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်
Published 29 November 2023

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား အပစ်အခတ်ရပ်စဲကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် တရားဝင်ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်၌ ရဟန်းသံဃာများနှင့် ပြည်သူများ၏ ကာလရှည်ကြာ လိုလား တောင်းတအပ်သော ရှမ်းတပ်မတော်နှစ်ရပ်အကြား နှစ်ဖက်တရားဝင် အပစ်ရပ်စဲကြောင်း ဖေါ်ပြထားပြီး မီဒီယာများနှင့် ပြည်သူလူထုအား ထပ်မံ၍ အသိပေးထုတ်ပြန်အပ်ကြောင်း ဖော်ပြပါရှိသည်။

ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/ SSA) မှ အဖွဲ့ဝင်သုံးဦးနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ဝင်လေးဦးတို့ ယနေ့ (နိုဝင်ဘာလ ၂၉ ရက်) တရားဝင်တွေ့ဆုံဆွေးနွှေးမှုပြုလုပ်ခဲ့ရမှာ နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ခြင်း တိုက်ပွဲများမပြုလုပ်တော့ဘဲ အပစ်ခတ်ရပ်စဲရန် တူညီသည့် အဖြေရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အထက်ပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ Eleven Media က နှစ်ဖွဲ့လုံးထံ ဆက်သွယ်လျက်ရှိသော်လည်း သီးခြားဆက်သွယ်မှုမရရှိသေးဘဲ RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ သျှမ်းသံတော်ဆင့်သတင်းဌာနသို့ ဖြေကြားထားချက်အရ ၎င်းတို့နှစ်ဖွဲ့အနေဖြင့် သုံးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် ရှမ်းပြည်တွင်း စစ်ရေးပဋိပက္ခများအပေါ် နှစ်ဖက်တပ်ဖွဲ့ပူးပေါင်းပါဝင် ဖြေရှင်းမှု၊ ပူပေါင်းနိုင်မှု အခြေအနေထိကိုလည်း ဆွေး နွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှမ်းတိုင်းသားလက်နက်ကိုင် နှစ်ဖွဲ့ အပစ်အခတ်ရပ်စဲမှုကို ရှမ်းတိုင်းရင်းသားများသာမက ရှမ်းပြည်နယ်တွင်းနေထိုင်သူများက ထောက်ခံကြိုဆိုကြောင်း ပြင်ပတွင်ပြောဆိုမှုရှိသကဲ့သို့ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ရေးသားမှုများကို တွေ့ရသည်။

“အတိုင်း မသိပဲ ဝမ်းသာတယ်ဗျ။ ကိုယ့်အမျိုးသားအချင်းချင်း တိုက်နေရတာကို ဘယ် ရှမ်းစစ်သား တစ်ယောက်ကမှ မလိုချင်ကြပါဘူး” ဟု ထုံမော့ဝ်ဒေသ ရှမ်းလူငယ်များအဖွဲ့က တာဝန်ရှိသူတစ်ဦးက Eleven Media ကိုပြောကြားသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးတစ်ရပ်ကိုစတင်ပြုလုပ်ခဲ့ပြီး လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊  ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင်ဒေသများတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားကာ မြောက်ပိုင်းမဟာမိတ်အဖွဲ့များက မန္တလေး-လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော်-လောက်ကိုင် ပြည်ထောင်စုလမ်းမပေါ်တွင် တံတားများဖောက်ခွဲဖျက်ဆီးထားပြီး လမ်းသားများဖြတ်တောက်ခြင်းများ ပြုလုပ်ထားသည့်အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်လျက်ရှိသည်။

 

Most Read

Most Recent