ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယုကျေးရွာအုပ်စု ၁၀၅ မိုင် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်း ယနေ့(နိုဝင်ဘာ ၂၇ ရက်)အထိ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ကလေးငယ်နှစ်ဦး အပါအဝင် လေးဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
နိုဝင်ဘာ ၂၆ ရက် ညပိုင်းကတည်းကစတင်၍ ၁၀၅ မိုင်ဇုန်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
ယင်းတိုက်ပွဲများကြောင့် နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်ခန့်က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှေ့ မိုင်းယုကျေးရွာ ၁၀၅ KTV လမ်းကြားရှိ ဂိမ်းရုံမှ စာရေးမမိန်းကလေးငယ်တစ်ဦးကို စလွန်းကားတစ်စီးပေါ်မှ လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၎င်းနေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ညနေ ၄ နာရီခန့်က နမ္မတူနွားမွေးမြူရေးခြံအတွင်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ၁၆ နှစ်အရွယ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးသေဆုံးပြီး အသက် ၄၀ အရွယ် မိခင်နှစ်ဦး၊ ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးဗုံးစထိမှန်ဒဏ်ရာရှိသဖြင့် မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ခွဲစိတ်၍ ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။
“ဒီမနက်(နိုဝင်ဘာ ၂၇ ရက်) ၉ နာရီလောက်မှာ ဂိမ်းဆိုင်က မိန်းကလေးတစ်ယောက်က သေနတ်ပစ်ခံရလို့ နေရာမှာသေသွားတယ်။ နမ္မတူနွားခြံထဲက အလုပ်သမား ကလေးနှစ်ဦးသေတယ်။ ကျန်တဲ့မိသားစု ခြောက်ယောက်က အခုမူဆယ်ဆေးရုံမှာ ခွဲစိတ်ကုသနေတယ်” ဟု ၁၀၅ မိုင် မိုင်ယုကျေးရွာနေ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်၌ ပင်လယ်ထွက်ကုန် ဂိုထောင်များထားရှိရာအနီးရှိ လျှပ်စစ်ပစ္စည်းထားရှိရာ ဂိုထောင်ပေါ် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။
အလားတူတိုက်ပွဲအတွင်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နိုဝင်ဘာ ၂၆ ရက် ညပိုင်းက သွင်းကုန် ကုန်စစ်ရုံအဆောက်အဦးများ၊ ဇုန်အတွင်းရှိ ကုန်တင်ကားတစ်ချို့ ပျက်စီးမှုရှိခဲ့ကာ ကုန်သွယ်ရေးဇုန်ပြင်ပရှိ ၁၀၅ မိုင် မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေးရှိ Best Family တည်းခိုခန်း တိုက်တန်းနှင့် လူနေအိမ်တစ်ချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာ ၂၆ ရက် ညပိုင်းတိုက်ပွဲအတွင်းသစ်သီးဝလံ ကုန်စည်ဒိုင် ညစောင့်တစ်ဦး၏ ညာဘက်ခြေကျင်းဝတ် ဖေါက်ဝင်ဒဏ်ရာရရှိခဲ့ကာ ကားမောင်သူတစ်ဦးမှာ ညာဘက် ရင်ညွန့် ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။