အစ္စရေးက အလိုရှိနေသည့် ဂါဇာဒေသ၏ ဟားမာ့စ်ခေါင်းဆောင် ယာယာဆင်ဝါ 

အစ္စရေးက အလိုရှိနေသည့် ဂါဇာဒေသ၏ ဟားမာ့စ်ခေါင်းဆောင် ယာယာဆင်ဝါ 
Published 26 November 2023
ခက်ဝေ

ဒရုန်းများ၊ ကြားဖြတ်ခိုးနားထောင်သည့်စက်များ၊ သတင်းပေးများက ကူညီနေသည့်တိုင် ယာယာဆင်ဝါရှိနေသည့်နေရာကို အစ္စရေးစစ်သားများ မသိနိုင်ကြသေးပေ။ ယာယာဆင်ဝါသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာ့စ်နိုင်ငံရေးအုပ်စုကို ဦးဆောင်ရသူ ၊  အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ပတ်သက်နေသူ ၊ အစ္စရေးနိုင်ငံကအလိုအရှိဆုံး အမျိုးသားများထဲမှ တစ်ဦးဖြစ်သည်။

ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာပြီးလျှင် ဒုတိယကွပ်ကဲသူဖြစ်သူဖြစ်သည့် ဆင်ဝါသည် ဂါဇာမြေအောက်တစ်နေရာ  လိုဏ်ခေါင်းများထဲတွင် သက်တော်စောင့်များနှင့်အတူ ပုန်းအောင်းနေပြီး နေရာပေါက်ကြားမည်စိုးသဖြင့်  မည်သူနှင့်မျှ အဆက်အသွယ်မလုပ်ဟု အစ္စရေးဘက်က ယူဆသည်။

အသက် ၆၁ နှစ်အရွယ်ရှိ ယာယာဆင်ဝါကို  ဂါဇာကမ်းမြောင်တောင်ဖျား ခန်းယူးနစ်ဒုက္ခသည်စခန်းတွင် မွေးသည်။သူ့ကိုအများက အဘူအီဘရာဟင်ဟုသိကြသည်။ ဂါဇာအစ္စလမ်မစ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။

၁၉၈၂ ခုနှစ် သူ့အသက် ၁၉ နှစ်တွင် အစ္စလမ်မစ်လှုပ်ရှားမှုများအတွက် အစ္စရေး၏ဖမ်းဆီးမှုကိုခံရသည်။ ၁၉၈၅ ခုနှစ်တွင် ထပ်အဖမ်းခံရသည်။သူသည် ဟားမာ့စ်အုပ်စုတည်ထောင်သူ ရှိတ်အာမက်ယာဆင်၏ ယုံကြည်မှုကိုရခဲ့သည်။သူတို့နှစ်ဦး၏ ရင်းနှီးသည့်ဆက်ဆံရေးကြောင့် ဆင်ဝါသည် ဟားမာ့စ်အုပ်စုအတွင်း ဩဇာလွှမ်းလာခဲ့သည်။

၁၉၈၇ ခုနှစ်တွင် ဟားမာ့စ်အုပ်စုကို တည်ထောင်ပြီး နှစ်နှစ်အကြာ ဆင်ဝါက ဟားမာ့စ်အုပ်စုတွင်း လုံခြုံရေးအဖွဲ့  al-Majd  ကိုဖွဲ့စည်းလိုက်သည်။ ထိုစဉ်က သူ့အသက် ၂၅ နှစ်သာရှိသေးသည်။Al-Majd ဆိုသည်မှာ အကျင့်စာရိတ္တပိုင်းဆိုင်ရာပြစ်မှု ကျူးလွန်သူများကို အပြစ်ပေးသည့်နေရာတွင် နာမည်ကြီးလှသည်။ အပြာကားရောင်းသည့် ဆိုင်များကို ပစ်မှတ်ထားခြင်း ၊ အစ္စရေးနှင့်ပူးပေါင်းသည်ဟု သံသယရှိသူမည်သူမဆို ရှင်းလင်းပစ်ခြင်းတို့ ဆင်ဝါကလုပ်ဆောင်ခဲ့သည်။အစ္စရေးအရာရှိများအဆိုအရ ဆင်ဝါသည် သတင်းပေးတစ်ဦးကို အရှင်လတ်လတ်မြေမြှပ်အပြစ်ပေးရန် အပြစ်ပေးခံရမည့်သူနှင့် ညီအစ်ကိုတော်စပ်သူအား လက်ငှားသုံးခဲ့သည်ဟု ဝန်ခံဖူးသည်။

၁၉၈၈ ခုနှစ်တွင် အစ္စရေးစစ်သားနှစ်ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ရန် ဆင်ဝါက ကြံစည်ခဲ့သည်။ထိုနှစ်မှာပင် သူအဖမ်းခံလိုက်ရသည်။ 

■ ကြိုးကိုင်တတ်သူ

ယာယာဆင်ဝါသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၂၃ နှစ်ခန့်ကာလကို အစ္စရေးအကျဉ်းထောင်များတွင်  ဖြတ်သန်းခဲ့ရသည်။ ထောင်ထဲ၌လည်း  ဩဇာကြီးထွားစေခဲ့ပြီး အကျဉ်းသားများအကြား  သူ့ကိုယ်သူ ခေါင်းဆောင်အဖြစ်သတ်မှတ်ကာ ထောင်သားများကိုယ်စား ထောင်အာဏာပိုင်များနှင့် ညှိနှိုင်းခြင်းများ ၊ အတင်းအကျပ်စည်းကမ်းထုတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

အစ္စရေးအစိုးရ၏ အကဲဖြတ်မှုတွင် ယာယာဆင်ဝါ၏ ထောင်တွင်းစရိုက်ကို   ရက်စက်သော ၊ ဩဇာညောင်းသော ၊  ဉာဏ်များသော ၊ ကြိုးကိုင်ခြယ်လှယ်တတ်သော ၊ ရောင့်ရဲတတ်သော ၊ အကျဉ်းသားများအကြား လျှို့ဝှက်ချက်များမပေါက်အောင် ထိန်းထားနိုင်သော စသည့်အရည်အချင်းများရှိသူဟု ဖော်ပြခဲ့သည်။ 

Washington Institute for Near East Policy မှ အေဟုယာရီသည် ယာယာဆင်ဝါကို ထောင်ထဲတွင်လေးကြိမ် အင်တာဗျူးခဲ့ပြီး  အစ္စရေးကိုချေမှုန်းရမည်၊ ပါလက်စတိုင်းတွင် ဂျူးများအတွက် နေစရာမရှိစေရဟု  အင်တာဗျူးခဲ့စဉ်က ဆင်ဝါကပြောထားသည်။

ဆင်ဝါသည် ထောင်ထဲတွင် ဟီဘရူးဘာသာစကား ကျွမ်းလာသည့်အတွက် အစ္စရေးသတင်းစာများလည်း ဖတ်နိုင်ခဲ့သည်။ဟီဘရူးက အစ္စရေး၏တရားဝင် ဘာသာစကားဖြစ်သည်။

သဘောတူညီမှုတစ်ရပ်အရ ၂၀၁၁ ခုနှစ်တွင် ယာယာဆင်ဝါ ထောင်မှလွတ်လာခဲ့သည်။ပါလက်စတိုင်းနှင့်အစ္စရေးအာရပ် အကျဉ်းသား ၁၀၂၇ ဦးကို အစ္စရေးစစ်သား ဂီလတ်ရှာလစ်တစ်ဦးတည်းအတွက် အလဲအလှယ်လုပ် ပြန်လွှတ်ပေးလိုက်သည်။ဂီလတ်ရှာလစ်ကို ဆင်ဝါတို့ဘက်က ပြန်ပေးဆွဲဖမ်းထားခဲ့ခြင်းဖြစ်သည်။နောက်ထပ်အစ္စရေးစစ်သားများကို ပြန်ပေးဆွဲကြရန်လည်း ဆင်ဝါက တိုက်တွန်းလေ့ရှိသည်။

■ ရက်စက်မှုဖြင့်နာမည်ကျော်

ဂါဇာသို့ ယာယာဆင်ဝါပြန်ရောက်သည်နှင့် သူ့ကိုခေါင်းဆောင်အဖြစ် လက်ခံလိုက်ကြသည်။ သူ့ဘဝအချိန်အများစုကို အစ္စရေးထောင်ထဲတွင် ပေးဆပ်ခဲ့ခြင်း၏ရလာဒ်ဟု ဆိုနိုင်သည်။

၂၀၁၃ ခုနှစ်တွင် ဆင်ဝါသည် ဂါဇာကမ်းမြောင်ဒေသ၏ ဟားမာ့စ်နိုင်ငံရေးဗျူရို အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံရသည်။ထို့နောက် ၂၀၁၇ ခုနှစ်တွင် ခေါင်းဆောင်ဖြစ်လာသည်။

သူ့ညီ မိုဟာမက်ကလည်း ဟားမာ့စ်လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သည်။ အစ္စရေးဘက်က လုပ်ကြံမှုများရှိခဲ့သော်လည်း လွတ်မြောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် သူသေဆုံးကြောင်း ဟားမာ့စ်ကကြေညာခဲ့သည်။ သို့သော်မီဒီယာသတင်းများက သူအသက်ရှင်နေဖွယ်ရှိကြောင်း ၊  ဂါဇာမြေအောက်လိုဏ်ခေါင်းများထဲ ပုန်းနေကြောင်း ၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုမှာလည်း သူပါလျှင်ပါနိုင်ကြောင်း ဖော်ပြလာကြသည်။

ရက်စက်မှု၊ ကြမ်းကြုတ်မှုတို့ကြောင့် ယာယာဆင်ဝါသည် The Butcher of Khan Younis (ခန်းယူးနစ်၏ လူသတ်သမား) ဆိုသည့် နာမည်ပြောင်ကို ပိုင်ဆိုင်ထားသည်။

" သူချတဲ့ စည်းကမ်းတွေက ရက်စက်တယ်။ဒါကို ဟားမာ့စ်ကလူတွေသိတယ်။ ဒါပေမဲ့လည်း လိုက်လုပ်ကြတယ်။ ဆင်ဝါအမိန့်ကို မလိုက်နာရင် ကိုယ့်အသက်ကိုယ် စတေးတာပဲ" ဟု ယာရီကပြောသည်။

၂၀၁၅ ခုနှစ်က ဟားမာ့စ်တပ်မှူး မာမွတ်အစ်ရှ်တီဝီဆိုသူကို  ဖမ်းဆီးသတ်လိုက်သည့်ဖြစ်ရပ်တွင် ဆင်ဝါ ပါဝင်ပတ်သက်ခဲ့သည်။အစ်ရှ်တီဝီက  အလွဲသုံးစားလုပ်မှု၊  လိင်တူနှစ်သက်မှုဖြင့် စွပ်စွဲခံခဲ့ရသည်။

■ အီရန်နှင့်ရင်းနှီးမှုရှိ

အစ္စရေးကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ အများစုက အကျဉ်းသားလဲလှယ်မှုဖြင့် ယာယာဆင်ဝါကို ထောင်မှလွှတ်ပေးလိုက်ခြင်းက မဟာအမှားကြီးဟု ယူဆကြသည်။

၂၀၂၁ ခုနှစ်၊ မေတွင် အစ္စရေးဘက်က ဂါဇာရှိ ဆင်ဝါ၏နေအိမ်နှင့် ရုံးကို လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဧပြီတွင်မူ ဆင်ဝါက အစ္စရေးကို ရရာနည်းဖြင့် တိုက်ခိုက်ကြရန် ရုပ်သံမိန့်ခွန်းမှတဆင့် ဆော်ဩခဲ့သည်။အောက်တိုဘာ ၁၄ ရက်တွင် အစ္စရေးစစ်တပ်အရာရှိတစ်ဦးက ဆင်ဝါနှင့်အဖွဲ့ကို အရဖမ်းဆီးမည့်အကြောင်း ကြေညာထားသည်။

အီရန်နှင့်လည်း ဆင်ဝါက ရင်းနှီးမှုရှိသည်။ အီရန်က ဟားမာ့စ်ကို ငွေကြေးထောက်ပံ့မှု၊ ထရိန်နင်ပေးသင်ကြားပေးမှု ၊ လက်နက်ထောက်ပံ့မှုများ ပြုလုပ်ကာ ဟားမာ့စ်၏စစ်ရေးစွမ်းရည်များ တိုးတက်လာအောင် ကူညီနေသည်။

၂၀၂၁ ခုနှစ်မိန့်ခွန်းတွင်  ဆင်ဝါက အီရန်ကြောင့်သာ မဟုတ်ပါက ပါလက်စတိုင်းတို့တော်လှန်မှုသည် လက်ရှိအနေအထားသို့ ရောက်လာလိမ့်မည်မဟုတ်ဟု အသိအမှတ်ပြုပြောဆိုခဲ့သည်။ 

Ref: BBC 

Most Read

Most Recent