ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ်ဖြစ်သော ကျင်စခန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့် သွင်းကုန်ကားဝင်းအတွင်းသို့ ဒရုန်များဖြင့် Drop Bomb များ ပစ်ချခံရခြင်းကြောင်း ကားဝင်းအတွင်း ရပ်ထားသည့် ကား ၂၅၈ စီးအနက် အစီး ၁၂၀ မီးလောင်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန်တွင် MNDAA၊ TNLA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များသည် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့် ကုမ္ပဏီ သွင်းကုန်ကားဝင်းအတွင်းသို့ Drone ယာဉ်များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကားဝင်းအတွင်း ရပ်နားထားသည့် မော်တော်ယာဉ်များပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးမှတစ်စီး ဆက်လက်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း နစကက ထုတ်ပြန်သည်။
အဆိုပါမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်များ အသုံးပြုကာ မီးငြိှမ်းသတ်နိုင်ရေးဆောင်ရွက်ခဲ့ရာ အနီးဝန်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း အလျင်အမြန်သွားရောက်ပူးပေါင်းကာ မီးငြှိမ်းသတ်ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နစကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက “မီးလောင်လွယ်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့် မီးအရှိန် ပြင်းပါတယ်။ ဒီညနေပိုင်း လေးနာရီလောက်မှ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ကားအစီး ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီနေရာသည် စစ်ရေးနဲ့ဆိုင်တဲ့ နေရာလည်း မဟုတ်ပါဘူး။ ဒါပြည်သူလူထုနဲ့ ဆိုင်တဲ့နေရာပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကအချက်အခြာကျတဲ့နေရာဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံဘက်ကနေပြီး တင်သွင်းလာတဲ့ မြန်မာနိုင်ငံအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လူသုံးကုန်၊ ဆေးဝါး၊ ဆောင်လုပ်ရေးသုံးပစ္စည်းတွေ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထိုသို့မီးလောင်မှုကြောင့် ကားဝင်းအတွင်းရပ်နားထားသည့် သွင်းကုန်မော်တော်ယာဉ် ၂၅၈ စီးရှိသည့်အနက် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၁၂၀ စီးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“ဒီကားတွေက လမ်းမှာ၊ မူဆယ်-မန္တလေး လမ်းမကြီး တစ်လျှောက်မှာ ကာလမ်းတွေ TNLA နဲ့ MNDAA အဖွဲ့တွေက ကားလမ်းတွေ ဖျက်စီးပြီး တံတားများ ချိုးထားတဲ့အတွက် ဒီနေရာမှာ ရပ်တန့်နေရတဲ့ကားတွေ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ကားဝင်းအတွင်း Drop Bomb ကျရောက်ပေါက်ကွဲမှုအား တပ်မတော်က ပစ်ခတ်ခဲ့သည်ဟု သတင်းများထုတ်လွှင့်ခဲ့ခြင်းများလည်းရှိခဲ့ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို ဒေသခံများအသိပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဘယ်သူတွေ လုပ်တယ်ဆိုတာ ဒီနယ်မြေမှာရှိတဲ့ ဒေသခံတွေ သိပါတယ်။ ဘယ်သူတွေက မီးငြိမ်းသတ်ပေးနေရတယ်ဆိုတာ ဒီနယ်မြေမှာရှိတဲ့ ဒေသခံတွေရော၊ သက်သေတွေရော ရှိတယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါမီးလောင်သွားသည့် ကုန်ကားများသည် ယာဉ်နှင့် ကုန်ပစ္စည်း စုစုပေါင်းတန်ဖိုးတစ်စီးလျှင် ကျပ်သိန်း ၃ဝဝဝ နှင့် ၅ဝဝဝ ကြားရှိကြောင်း သိရသည်။