သတ်မှတ်ချက်နှင့် ကိုက်ညီသော ပါတီဝင်စာရင်း တင်ပြနိုင်ခြင်းမရှိသဖြင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား ဖျက်သိမ်းရန် UEC ထုတ်ပြန်

သတ်မှတ်ချက်နှင့် ကိုက်ညီသော ပါတီဝင်စာရင်း တင်ပြနိုင်ခြင်းမရှိသဖြင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား ဖျက်သိမ်းရန် UEC ထုတ်ပြန်
Published 21 November 2023

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားသော်လည်း သတ်မှတ်ချက်နှင့်ကိုက်ညီသော ပါတီဝင်စာရင်း တင်ပြနိုင်ခြင်းမရှိသဖြင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား ဖျက်သိမ်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို မှတ်ပုံတင်အမှတ် (၁၉)ဖြင့် ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း၊ ၎င်းပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ (စ)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ သြဂုတ် ၂၇ ရက်အထိ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ဦးကို ဥပဒေ သတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်ခြင်း၊ ပါတီဝင်အင်အား ပြည့်မီရေးအတွက် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သော်လည်း သတ်မှတ်ချက်နှင့်ကိုက်ညီသော အင်အားစာရင်းအား တင်ပြနိုင်မှုမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း UEC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို စိစစ်တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၉)ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနေသောကြောင့် နိုဝင်ဘာ ၂၀ ရက်၌ ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၃)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ ပါတီဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း UEC က ကြေညာချက်ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း UEC က ကြေညာချက်ထုတ်ပြန်သည်။

Most Read

Most Recent