အမျိုးသားရေးဝါဒ

အမျိုးသားရေးဝါဒ
Published 20 November 2023

ယခုဖော်ပြချက်၌ နေးရှင်း (Nation) ဟူသည် ဘာသာစကား၊ ယဉ်ကျေးမှု၊ မျိုးနွယ် အစရှိသည်တို့နှင့် ပတ်သက်၍ တူရာစုစည်းထားသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဆိုလိုသည်။ ထို့ကြောင့် အမျိုးသားတစ်ရပ်က လွှမ်းမိုးသောနိုင်ငံကို အမျိုးသားနိုင်ငံ (Nation state) ဟုခေါ်ဆိုသည်။ အမျိုးသားရေးဝါဒ (Nationalism) ဟူသည် ယုံကြည်ချက်တစ်ရပ် သို့မဟုတ် အယူဝါဒတစ်ရပ် သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အိုင်ဒီယိုလိုဂျီတစ်ရပ်ဖြစ်ပြီး တစ်စုံတစ်ဦးကို အမျိုးသားတစ်ရပ်နှင့် ဆက်စပ်ထားသော သတ်မှတ်ချက် ပါ ဝင်သည်။ အမျိုးသားရေးဝါဒတွင် အမျိုးသားဆိုင်ရာ သတ်မှတ်ချက် ပါဝင်ပြီး ဖွဲ့စည်းတည်ဆောက် ယူထားသော မျိုးချစ်ဝါဒ (Patriotism) နှင့် လုံးဝခြားနားသည်။ မျိုးချစ်ဝါဒတွင် လူမှုရေးဆိုင်ရာ အခြေအနေနှင့် နိုင်ငံတော်၏ ဆုံးဖြတ်ချက်များနှင့် လုပ်ရပ်များကို ထောက်ခံသော တစ်သီးပုဂ္ဂလဆိုင်ရာ အပြုအမူများ ပါဝင်သည်။

စိတ်ပညာဆိုင်ရာ ရှုထောင့်မှကြည့်ပါက အမျိုးသားရေးဝါဒဟူသော တွဲဆက်မှုသည် အခြားသော တွဲဆက်မှု အမျိုးအစားများနှင့် ကွဲပြားခြားနားသည်။ တစ်သီးပုဂ္ဂလအချင်းချင်းကြား တွဲဆက်ရန် စိတ်ဆန္ဒ သို့မဟုတ် ပတ်သက်ချိတ်ဆက်နေရန် လိုအပ်ချက်သည် လူသားတို့အား စေ့ဆော်မှုများ ဖြစ်စေသည့် အခြေခံအကျဆုံး အကြောင်းတရားတစ်ရပ် ဖြစ်သည်။ အခြားတွဲဆက်မှုများကဲ့သို့ပင် အမျိုးသားရေးဝါဒသည် အလွန်အကျွံ အသုံးပြုပါက အလုပ်မဖြစ်မှုဆီသို့ ဦးတည်သွား စေနိုင်သည်။ နိုင်ငံရေး သို့မဟုတ် လူမှုရေးရှု ထောင့်မှ ကြည့်ပါက အမျိုးသားရေးဝါဒနှင့် ပတ်သက်၍ ဇာစ်မြစ်နှင့် အခြေခံကို ကြည့်မြင်သည့် အဓိကရှုထောင့်နှစ်ရပ် ရှိသည်။ တစ်ခုမှာ အမျိုးသားရေးဝါဒကို ကမ္ဘာဦးပုံစံ ရှုမြင်မှုဖြစ်သည်။ ယင်းတွင် အမျိုးသားရေးဝါဒကို မွေးဖွားခြင်းနှင့် နှီးနွှယ်မှုကို အခြေခံလျက် အုပ်စုအမျိုးမျိုး ဖွဲ့စည်းသွားသည့် လူသားတို့၏ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ လမ်း ကြောင်းကို ရောင်ပြန်ဟပ်ပြမှု ပါဝင်သည်။ အခြားတစ်ရပ်မှာ ခေတ်သစ်ပုံစံ ရှုမြင်မှုဖြစ် သည်။ ယင်းတွင် အမျိုးသားရေးဝါဒကို ဖြစ်တည်ရန်အလို့ငှာ လိုအပ်သော ဖွဲ့စည်းထား သည့် အခြေအနေရပ်များ လိုအပ်သော ဖြစ်ရပ်တစ်ခုအဖြစ် ရှုမြင်ထားသည်။

အမျိုးသားဟူသည့် လက္ခဏာရပ်၌ ပါဝင်သည့် အရာများနှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ သို့သော် အမျိုးသားဟူသည့် လက္ခဏာရပ်များသည် အမျိုးသား ရေးဝါဒလမ်းကြောင်းအမျိုးမျိုးဆီသို့ ဦးတည်သွားနိုင်သည်။ လူမျိုးတစ်စု၊ ယဉ်ကျေးမှု တစ်ရပ်၊ ဘာသာရေးတစ်ရပ် သို့မဟုတ် အမျိုးအမည် သတ်မှတ်ထားသော အုပ်စုတစ်စုဟူ၍ ကန့်သတ်ထားသော နိုင်ငံတစ်နိုင်ငံ၌ နိုင်ငံသားဖြစ်မှုဟူသည့် ယုံကြည်ချက်တစ်ရပ် ဖြစ်နိုင်သည်။ သို့မဟုတ် နိုင်ငံတစ်နိုင်ငံတည်း၌ အမျိုးသားအမျိုးမျိုးအတွက် လူနည်းစု အုပ်စုများအပါအဝင် အမျိုးသားရေး လက္ခဏာကို ကျင့်သုံးဖော်ပြပိုင်ခွင့် ဖြစ်သည်။ သမိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအရ အမျိုးသားရေးလက္ခဏာတစ်ရပ်ကို သတ်မှတ်ခြင်းသည် အမျိုးသားရေးဝါဒီများက ဖြေရှင်းရန်ကြိုးပမ်းသော လူမှုရေးဖွဲ့စည်းပုံတစ်ရပ်ကို ပျက်ပြားစေသည့် ၎င်းင်းတို့ သတ်မှတ်ထားသော လူမှုရေးအခင်းအကျင်းနှင့် ယင်းအဖွဲ့ဝင်များ တွေ့ကြုံရသည့် လူမှုရေးအခင်းအကျင်းအကြား သဟဇာတ မဖြစ်ခြင်းကြောင့် အစဉ်အလာ သတ်မှတ်ချက်များကို မကျေနပ်သော သြဇာရှိအုပ်စုများ၏ တုံ့ပြန်မှုဖြစ်လာတတ်သည်။ ယင်း ကဲ့သို့ လူမှုရေး ဖွဲ့စည်းပုံတစ်ရပ် ပျက်ပြားခြင်းသည် စုစည်းညီညွတ်သော လူ့အဖွဲ့အစည်း တစ်ရပ်ကို ဖန်တီးရန်အတွက် ယင်းလူ့အဖွဲ့အစည်းအတွင်း အမျိုးသားရေး လက္ခဏာရပ် များကို ပြန်လည်ဖွင့်ဆိုခြင်း၊ လက်ခံနိုင်ဖွယ်ရှိသည်ဟု ယူဆသော အရာများကို ထိန်းသိမ်း ခြင်းနှင့် လက်ခံနိုင်ဖွယ်မရှိဟု ယူဆသောအရာများကို ဖယ်ရှားခြင်းတို့ ဖြစ်လာစေသည်။ ယင်းဖွံ့ဖြိုးမှုသည် အတွင်းပိုင်း ဖွဲ့စည်းပုံဆိုင်ရာ အကြောင်းအရာများ၏ ရလဒ် သို့မဟုတ် တည်ရှိပြီးသား အုပ်စု သို့မဟုတ် အခြားလူ့အသိုင်းအဝိုင်းများအပေါ် (အထူးသဖြင့် ၎င်းင်းတို့ ကို ထိန်းချုပ်သော သို့မဟုတ် ထိန်းချုပ်သည်ဟု ယူဆသော ပြည်ပပါဝါများအပေါ်) မ ကျေနပ်မှုကြောင့် ဖြစ်လာသောရလဒ် ဖြစ်နိုင်သည်။ နိုင်ငံတော်အလံများ၊ နိုင်ငံတော် သီချင်းများနှင့် အမျိုးသားရေးလက္ခဏာနှင့် ပတ်သက်သည့် အခြားသင်္ကေတများသည် အမျိုးသားရေးဆိုင်ရာ လူ့အဖွဲ့အစည်းအတွက် အလွန်အရေးကြီးသည်ဟု မှတ်ယူကြသည်။

အမျိုးသားနိုင်ငံဟူသည် နယ်မြေအရ အချုပ်အခြာအာဏာပိုင်အဖြစ် နိုင်ငံရေးအရ တရားဝင် သတ်မှတ်ချက်မှ ဆင်းသက်လာမှုအဖြစ် ကိုယ်ပိုင်သတ်မှတ်ချက်များရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အမျိုးသားဟူသည် ယဉ်ကျေးမှု သို့မဟုတ် မျိုးနွယ်နှင့် သက်ဆိုင်ပြီး နိုင်ငံဟူသည် နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ သတ်မှတ်ချက်ဖြစ်သည်။ အမျိုးသား နိုင်ငံဟူသည် ယင်းဖော်ပြပါ အမျိုးသားနှင့် နိုင်ငံကို ပထဝီအရ ထပ်တူပြုထားခြင်းဖြစ်သည်။ အမျိုးသားနိုင်ငံတစ်ရပ် ဖွဲ့စည်းမှုသည် ကမ္ဘာကြီး၏ ကွဲပြားခြားနားသော အစိတ်အပိုင်း များတွင် ကွဲပြားခြားနားသော အချိန်ကာလများအတွင်း ဖြစ်ပွားခဲ့သည်။ သို့သော် နိုင်ငံအဖြစ် စုစည်းမှုသည် လွှမ်းမိုးကြီးစိုးသော ပုံစံတစ်ရပ်ဖြစ်လာသည်။ အမျိုးသားနိုင်ငံများ၏သဘောတရားနှင့် အဖြစ်မှန်တို့ကို အမျိုးသားအမျိုးမျိုး၏ နိုင်ငံ၊ မြို့နိုင်ငံ၊ အင်ပါယာ၊ ကွန် ဖက်ဒရေးရှင်းနှင့် အခြားသော နိုင်ငံပုံစံများနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အမျိုးသားနိုင်ငံများအနေဖြင့် အခြားနိုင်ငံပုံစံများမှနေ၍ ကွဲပြားခြားနားသော အချက်မှာ လူ့အဖွဲ့အစည်းတစ်ရပ်ကို နိုင်ငံအဖြစ် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားမှု ဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေးဝါဒရေးရာ ပြဿနာများကို ဖြေရှင်းရာ၌ အမျိုးသားနိုင်ငံအဖြစ် ပေါ်ထွန်းလာမှုသမိုင်းကြောင်းနှင့် အမျိုးသားရေးဝါဒ မြင့်တက်လာမှုလမ်းကြောင်းကို မဖြစ်မနေ လေ့လာသုံးသပ်ကာ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■နိုဝင်ဘာ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent