နည်းပညာကို တလွဲအသုံးချလာမှုများကြောင့် ယခုနောက်ပိုင်း အတွေ့များလာရသည့် ပြဿနာများထဲတွင် AI ကိုအသုံးပြုပြီး ဗီဒီယိုအတုအယောင်များ ဖန်တီးလာမှုလည်း တစ်ခုအပါအဝင်ဖြစ်သည်။
CNN သတင်းတင်ဆက်သူ ဝေါ့ဖ်ဘလစ်ဇာက ဆီးချိုကုသဆေးတစ်မျိုးကို လိုက်ရောင်းနေပုံ၊ CBS Mornings တင်ဆက်သူဂေးလ်ကင်းက ပိန်ဆေးများကို ထောက်ခံကြော်ငြာပေးနေပုံ စသည့် Facebook ပေါ်မှ ဗီဒီယိုများသည် တမင်ဖန်တီးထားခြင်းသာဖြစ်သည်။
အလားတူ Fox News ၊ CBC ၊ BBC စသည့် သတင်းဌာနကြီးများမှ သတင်းတင်ဆက်သူများလည်း AI ၏ ပစ်မှတ်ဖြစ်ခဲ့ကြသည်။ ယင်းသို့ကြော်ငြာအတုများ ဖန်တီးလိုက်ခြင်း၏ အကျိုးဆက်က သတင်းမီဒီယာများအပေါ် လူထု၏ယုံကြည်စိတ်ချမှု လျော့သွားစေနိုင်ပြီး သတင်းသမားများ၏ပုံရိပ်ကိုထိခိုက်လာစေနိုင်သည်။
အချို့သတင်းသမားများကမူ ငြိမ်ခံမနေဘဲ သူတို့၏ ကိုယ်ပိုင်အကောင့်များဖြင့် ပြန်ဖြေရှင်းထားကြသည်။ ဥပမာ CBS Mornings တင်ဆက်သူဂေးလ်ကင်းက အောက်တိုဘာတွင် အင်စတာဂရမ်၌ ပို့စ်တင်ဖြေရှင်းခဲ့ပြီး ယင်းထုတ်ကုန်ကို သူကြားလည်းမကြားဖူး၊ သုံးလည်းမသုံးဖူးဟုဆိုကာ AI ဗီဒီယိုများဖြင့် အလိမ်မမိကြရန် လူထုကို သတိပေးခဲ့သည်။
CNN ကျန်းမာရေးသတင်းထောက် ဆန်ဂျေးဂူပတာဆိုလျှင် ဆေးခြောက်ထုတ်ကုန်များကို သူ့ရုပ်ဖြင့်ကြော်ငြာပေးနေသည့် ဗီဒီယိုထွက်လာပြီးနောက် " အဲဒီအလိမ်အညာတွေက ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး။ အဲဒီပစ္စည်းတွေ သုံးလိုက်လို့ ခင်ဗျားတို့အန္တရာယ်ဖြစ်သွားမှာကို ကျွန်တော်စိတ်ပူမိတယ်" ဟု ဖြေရှင်းခဲ့သည်။
အထောက်အထားမပြနိုင်သည့် ဆေးကုသမှုများ ၊ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာစီမံကိန်းများနှင့် သက်ဆိုင်သည့် အလိမ်အညာများလည်းရှိပြီး အချို့သောဗီဒီယိုများတွင် Tesla လျှပ်စစ်ကားကုမ္ပဏီနှင့် SpaceX အာကာသခရီးသွားကုမ္ပဏီ ဘီလျံနာအီလွန်မတ်စ်၏ ပုံများကို ယူသုံးထားကြသည်။ရက်ပိုင်းအကြာတွင် ပျောက်သွားတတ်သည့် e-commerce ဝက်ဘ်ဆိုဒ်လင့်ခ်ပါ ဗီဒီယိုများလည်းရှိသေးသည်။
သရော်သည့်၊ လှောင်ပြောင်သည့် ဗီဒီယိုအချို့မှလွဲပြီး Facebook နှင့် အင်စတာဂရမ်၏ မိခင်ကုမ္ပဏီမက်တာက ၂၀၂၀ ခုနှစ်အစောပိုင်းကတည်းက ယင်းဗီဒီယိုအတုအယောင်များကို ဘန်းလာခဲ့သည်။ အခြားဆိုရှယ်မီဒီယာများတွင်လည်း အလားတူပေါ်လစီများရှိသည်။ သို့သော်လည်းယနေ့ထိ အွန်လိုင်းတွင် ပျံ့လာဆဲ၊ တွေ့နေရဆဲဖြစ်သည်။
■ အသံကိုယ်ပွား ပြုလုပ်ခြင်း
အချို့ဗီဒီယိုများက ကွာလတီညံ့သည့်အတွက် အတု၊အစစ် ခွဲခြားရလွယ်ကူသည်။သို့သော်နည်းပညာကလည်း တိုးတက်လာ ၊ AI ပရိုဂရမ်များကိုလေ့ကျင့်ပေးရန် ဗီဒီယိုများလည်း အလျှံပယ်ရှိလာသည့်အတွက် သတင်းမီဒီယာသမားများကို ပစ်မှတ်ထားရလွယ်ကူလာသည်ဟု နည်းပညာကျွမ်းကျင်သူများက သတိပေးနေသည်။
■ သတင်းကြေညာသူဆိုလျှင် ယုံတတ်ကြသည့်အတွက်
ယင်းကိစ္စသည် စိတ်ပူစရာဟု မစ္စစ္စပီတက္ကသိုလ်မှ သတင်းပညာဆိုင်ရာ မဟာဌာနမှူး အန်ဒရီယာ ဟစ်ကာဆင်ကပြောသည်။ "ဒါဟာ တကယ့်အန္တရာယ့်ပါ။ ဘာလို့လဲဆိုတော့ သတင်းအမှားတွေ၊ အလိမ်တွေက ဒီနည်းနဲ့ပျံ့လာမယ်လို့ လူတွေကထင်ကြမှာမဟုတ်ပါဘူး " ဟု သူကဆိုသည်။
■ ယုံကြည်မှုပြဿနာ
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများတွင်လည်း AI နည်းပညာကိုအသုံးချမှု ကြီးမားလာကာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်သားများ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ နစ်နာဆုံးရှုံးခဲ့ရသည်ဟု ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်က ပြောသည်။ကနေဒါနှင့် ဩစတြေးလျအပါအဝင် အခြားနိုင်ငံများတွင်လည်း ယင်းသို့ငွေကြေးဆိုင်ရာ လိမ်လည်မှုများရှိခဲ့သည်။
နိုင်ငံရေး၌ပါ AI နှောင့်ယှက်မှုပါလာမည်ကို အမေရိကန်ပြည်သူအများစု စိုးရိမ်နေကြသည်။ Axios နှင့် စီးပွားရေးဆိုင်ရာကုမ္ပဏီ Morning Consult တို့ စက်တင်ဘာတွင်ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုတစ်ရပ်အရ အမေရိကန်ပြည်သူ ၅၀ ရာခိုင်နှုန်းကျော်က AI ကြောင့် ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲရလာဒ် ထိခိုက်မှုရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
Gallup ကုမ္ပဏီ၏ အောက်တိုဘာစစ်တမ်းတွင်မူ အမေရိကန်သား သုံးပုံတစ်ပုံခန့်ကသာ သတင်းမီဒီယာများအပေါ် လက်ခံယုံကြည်ပေးကြတော့သည်ကို တွေ့ရသည်။အွန်လိုင်းတွင်ပျံ့လာသည့် AI ဗီဒီယိုအများစုက ကွာလတီမကောင်းဟု မည်သို့ပင်ဆိုစေ၊ ယုံကြည်မှုပိုင်းဆိုင်ရာ ထိခိုက်ရဆဲဖြစ်သည်။ ထို့ကြောင့် သတင်းဖတ်ရှုသူများဘက်ကလည်း ဆိုရှယ်မီဒီယာတွင် ယင်းပို့စ်များကို ပြန်လည်မမျှဝေမီ သတိပြုဆင်ခြင်သင့်သည်။
■ အမေရိကန်ရွေးကောက်ပွဲအတွက် စိုးရိမ်ရ
ဒေါ်နယ်ထရန့် အဖမ်းခံရပုံမြင်ကွင်းများ၊ ဂျိုးဘိုင်ဒင်ထပ်မံနိုင်ခဲ့လျှင် ဖြစ်လာမည့် အနာဂတ်ပုံရိပ် စသည့်ဗီဒီယိုများလည်း AI ကျေးဇူးကြောင့်ပေါ်လာခဲ့ပြီး ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို "အမေရိက၏ ပထမဆုံး AI ရွေးကောက်ပွဲ" ဟုပင် ပြောနေကြသည်။ ရုရှားနှင့်တိုက်နေသည့်စစ်ပွဲတွင် ယူကရိန်းဘက်ကို ထောက်ခံမည့် မူကြမ်းတစ်ရပ်ကို ဂျိုးဘိုင်ဒင်က ထုတ်ပြန်ကြေညာသည့် ဗီဒီယိုလည်းထွက်ခဲ့သည်။
AI နည်းပညာဖြင့် နိုင်ငံရေးသမားတစ်ဦး၏ အသံကို ပွားယူလိုက်ပြီး ဗီဒီယိုနှင့်စာသားများ ဖန်တီးနိုင်ကာ မဲဆန္ဒရှင်များက အစစ်လား၊ အတုလား ခွဲရခက်သည့်အထိ အစစ်သဖွယ်ဖြစ်နေတတ်သည်။
■ ကာကွယ်မှုများလုပ်ဆောင်လာကြ
ယင်းသို့ တလွဲအသုံးချနေမှုများအတွက် မင်နီဆိုတာပြည်နယ်အပါအဝင် အမေရိကန်ပြည်နယ်အချို့တွင် နိုင်ငံရေးသမားများကို ထိခိုက်စေရန် (သို့မဟုတ်) ရွေးကောက်ပွဲအပေါ် သက်ရောက်မှုဖြစ်စေရန် ရည်ရွယ်ချက်ပါသည့် AI ဗီဒီယိုအတုများ ဖန်တီးခြင်းကို ပြစ်မှုအဖြစ်သတ်မှတ်သည့် ဥပဒေတစ်ရပ် အတည်ပြုထားသည်။
မကြာသေးမီကလည်း ဂျိုးဘိုင်ဒင်က AI နည်းပညာအား လုံခြုံစိတ်ချရသည့် အသုံးချခြင်းကို အားပေးသည့် အမိန့်ညွှန်ကြားချက်တစ်ရပ်အား လက်မှတ်ရေးထိုးထားသည်။
အကြံသမားများက အသံအတု ပွားယူရန် တစ်စုံတစ်ဦး၏အသံ သုံးစက္ကန့်စာကို ယူလိုက်ရုံဟုလည်း ဘိုင်ဒင်က ပြောကြားရင်း " င့ါအသံနဲ့လုပ်ထားတဲ့ ဗီဒီယိုတောင် ကြည့်လိုက်ရတယ်။ အဲဒါကို ငါဘယ်တုန်းက ပြောခဲ့မိပါလိ့မ်" ဟု ဘိုင်ဒင်ကပြောသည်။