ခင်ပွန်း၏ အဖွားအား ရန်တိုက်ပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦးက စောင်ဖြင့် ဖိသတ်မှု မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လှိုင်ရပ်ကွက်၊ ပန်းခြံကုန်းရပ်၊ ပန်းခြံကုန်းတောင် (၅) လမ်းတွင် နေထိုင်သူ အသက် (၂၇) နှစ်အရွယ် မနော်ကူးဝါးဆိုသူမှ ခင်ပွန်းသည်ဖြစ်သူက နေအိမ်ရှိ ၎င်း၏အသက် (၇၅) နှစ်အရွယ် အဖွားဖြစ်သူ ဒေါ်ညွန့်ရီ ကို ငွေကြေးများ အပ်ပေးနေသည့်အပြင် ခင်ပွန်းသည်ဖြစ်သူနှင့် ရန်တိုက်ပေးသည်ကို မကျေနပ်သည့်အတွက် ဂွမ်းစောင်ဖြင့် ဖိသတ်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မနော်ကူးဝါးရဲ့ ခင်ပွန်းသည်ဖြစ်သူ အိမ်ပြန်ရောက်တဲ့အချိန်မှာ အဖွားဖြစ်သူ ဒေါ်ညွန့်ရီ က ဂွမ်းစောင်နဲ့ မျက်နှာကို ဖိအုပ်ထားတဲ့ပုံနဲ့ ပက်လက်အနေအနေထားနဲ့ အသက်ရှုရပ်ပြီး သေဆုံးနေတာကို တွေ့ရတယ်။ အဲ့ဒီအမျိုးသမီးကိုလည်း ထိန်းသိမ်းထားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မနော်ကူးဝါးအား မော်လမြိုင်မြို့မရဲစခန်းတွင် (ပ) ၁၀၈/၂၃ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။