ပြည်ထောင်စုဝန်ကြီးများနှင့် UNHCR လက်ထောက်မဟာမင်းကြီး သီးခြားစီတွေ့ဆုံ၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ပြည်ထောင်စုဝန်ကြီးများနှင့် UNHCR လက်ထောက်မဟာမင်းကြီး သီးခြားစီတွေ့ဆုံ၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 10 November 2023

ပြည်ထောင်စုဝန်ကြီးများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations Highs Commissioner for Refugees-UNHCR) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr.Raouf Mazou တို့ နိုဝင်ဘာ ၉ ရက်က နေပြည်တော်တွင် သီးခြားစီတွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေးနှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် UNHCR) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr.Raouf Mazou ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းစဉ်နှင့် UNHCR နှင့်လက်ရှိ ပူးပေါင်းဆောင်ရွက်မှုနှင့်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် UNHCR ၏ လုပ်ငန်းဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr.Raouf Mazou တို့ နိုဝင်ဘာ ၉ ရက်နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ တွေ့ဆုံခဲ့ပြီး  ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ UNHCR ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက် မဟာမင်းကြီး Mr.Raouf Mazou တို့သည် နိုဝင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ပံ့ပိုးပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးဆောင်ရွက်ခဲ့မှုနှင့်ယင်း MoU သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးဆဲကာလအတွင်း MoU သက်တမ်းကုန်ဆုံးမှုအခြေအနေ၊ ယင်း MoU ပါ စာသားအချို့အား လက်ရှိအခြေအနေနှင့် ကိုက်ညီသည့်စာသားအသုံးအနှုန်းများဖြင့် ပြင်ဆင်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် စာရင်းများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြန်လည်စိစစ်အတည်ပြု ပြန်ကြားမှုအခြေအနေ၊ လက်ရှိအခြေအနေတွင် Pilot Project ဖြင့် ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုနှင့်အသုတ်လိုက် ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာသူများအား မူလနေထိုင်ရာဒေသ (သို့မဟုတ်) မူလနေထိုင်ရာဒေသနှင့် အနီးဆုံးလုံခြုံစိတ်ချရသော နေရာများ၌ ပြန်လည်နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် နေရာချထားမည့် ဒေသများအား ၎င်းတို့၏ ကိုယ်စားလှယ်များ လာရောက်ကြည့်ရှုလေ့လာခဲ့မှု၊ UNHCR ကိုယ်စားလှယ်များအနေဖြင့် ယခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့မှုနှင့် ဒေသအာဏာပိုင်များနှင့်တွေ့ဆုံ၍ ပြန်လည်လက်ခံရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား မေးမြန်းဆွေးနွေးခဲ့မှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သဘောတူလက်မှတ်ရေးထိုးမည့် MoU အား သုံးပွင့်ဆိုင် ညှိနှိုင်းပြင်ဆင်အတည်ပြု လက်မှတ်ရေးထိုးပြီးပါက ပြန်လည်ဝင်ရောက်လာသူများအတွက် ပြန်လည်နေရာချထားနိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေး၍ ရေရှည်လူမှုဘဝ ရပ်တည်နေထိုင်နိုင်ရေးတို့အတွက် စီမံဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင်နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် UNHCR ၏ လုပ်ငန်းဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr.Raouf Mazou တို့ နိုဝင်ဘာ ၉ ရက်မွန်းလွဲ ၃ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း နယ်စပ်ဒေသများ တည်ငြိမ်‌အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုအရ နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံရေးနှင့်နေရာချထားရေးအတွက် အသင့်ပြင်ဆင်ဆောင် ရွက်ထားရှိမှုများ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်နေသည့် အစီအမံများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် လိုအပ်သလို ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် UNHCR ၏ လုပ်ငန်းဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr.Raouf Mazou တို့    ဦးဆောင်သောအဖွဲ့ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး Mr.Raouf Mazou ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မောင်တောမြို့ စစ်တွေမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့များသို့ သွားရောက်လေ့လာခဲ့မှု၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေမှု၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့်ကိစ္စများ၊ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထက်ပါတွေ့ဆုံပွဲများသို့ ဘန်ကောက်မြို့အခြေစိုက် UNHCR ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ နယူးယောက်မြို့အခြေစိုက် UNHCR ဆက်ဆံရေးရုံး၏ ညွှန်ကြားရေးမှူး၊ ဗန်ကောက်မြို့ အခြေစိုက် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၏ အကြီးတန်းနိုင်ငံရေးရာ အရာရှိ၊ ရန်ကုန်မြို့အခြေစိုက် UNHCR ရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်နှင့် ပြင်ပဆက်ဆံရေးအရာရှိတို့နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။