စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာနှင့် သီးလုံးကျေးရွာတို့တွင် ကျင်းပသည့် အလှူပွဲနှစ်ခု၌ နိုဝင်ဘာ ၉ ရက်က Drop Bomb များဖြင့် ပစ်ချဖောက်ခွဲခံရသဖြင့် တစ်ဦးသေဆုံးကာ သံဃာတစ်ပါးအပါအဝင် ၁၈ ဦး ဗုံးစထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ရွှေဘိုမြို့နယ်၊ မြင်းချင်း ကျေးရွာရှိ ဦးစိုးပိုင်၏ နေအိမ်၌ မင်္ဂလာဆောင်ပွဲပြုလုပ်နေစဉ် PDF များက ကျေးရွာ၏ မြောက်ဘက်မှနေ၍ Drone များ အသုံးပြုကာ Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်ခဲ့ကြောင်းနှင့် ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်သို့ ရောက်နေသည့် အမျိုးသား တစ်ဦး သေဆုံးပြီး အသက် (၁၀)လအရွယ် ကလေးငယ် တစ်ဦး အပါအဝင် စုစုပေါင်း ၁၆ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အလားတူ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ မင်းကြီးဘုန်းတော်ကြီးကျောင်းတိုက်၌ ဆွမ်းကျွေးပြုလုပ်နေစဉ် PDF များက Drone များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဆွမ်းကျွေးအလှူပွဲသို့ ရောက်ရှိနေသည့် သံဃာတော် တစ်ပါးနှင့် အမျိုးသမီး တစ်ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
အထက်ပါဖြစ်စဉ်များမှ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း နစကကထုတ်ပြန်သည်။















