ကသာမြို့၌ ညပိုင်းအချိန်များတွင် ပစ်ခတ်မှုများရှိနေပြီး မြို့တွင်းတိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကာ စာသင်ကျောင်းများ ပိတ်ထားရ

ကသာမြို့၌ ညပိုင်းအချိန်များတွင် ပစ်ခတ်မှုများရှိနေပြီး မြို့တွင်းတိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကာ စာသင်ကျောင်းများ ပိတ်ထားရ
■ကသာမြို့အား တွေ့ရစဉ် (Photo: Aye Lwin)
■ကသာမြို့အား တွေ့ရစဉ် (Photo: Aye Lwin)
Published 9 November 2023

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာခရိုင် ကသာမြို့တွင် ညပိုင်းအချိန်များတွင် ပစ်ခတ်မှုများရှိနေပြီး မြို့တွင်းတိုက်ပွဲဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကာ စာသင်ကျောင်းများပိတ်ထားကြောင်း ကသာမြို့ခံများက ပြောကြားသည်။

ကသာမြို့တွင် ညပိုင်းပစ်ခတ်မှုများဖြစ်ပွားနေခြင်းနှင့် ဒေသခံများအား လက်နက်ကိုင်အဖွဲ့များက နိုဝင်ဘာ ၁၀ ရက်နောက်ဆုံးထားပြီး မြို့မှ ရှောင်နေကြရန် လှုံ့ဆော်ထားခြင်းကြောင့်ဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“တစ်ဖက်အဖွဲ့ကလည်း စခန်းကို ဒရုန်းဗုံးနဲ့ လာတိုက်တယ်။ စခန်းကမိသားစုလိုက်ကြီးနေတော့ တပ်ထဲဘက် ရွှေ့ကြတာ။ မြို့ခံက အဲဒါကိုလန့်တာ။ နောက်ပြီး လက်နက်ကိုင်အဖွဲ့ကလည်း မြို့ကိုဝင်မယ်။ ၁၀ ရက်နေ့ နောက်ဆုံးထားရွှေ့ပါဆိုတော့ ဒီနေ့ဆိုရင်မြို့ထဲမှာကို လူသိပ်မရှိဘူး။ ဆိုင်တွေလည်း သိပ်မဖွင့်ကြဘူး။ ကလေးတွေကိုလည်း ကျောင်းမလွှတ်ကြတော့ ကျောင်းကပိတ်ထားရတာပေါ့”ဟု နိုဝင်ဘာ ၉ ရက် ညနေ ပိုင်းတွင် ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည် ရက်ပိုင်းအတွင်း ကသာမြို့တွင် ညစဉ်နီးပါး ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး မြို့မရဲစခန်းလည်း ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရကာ ထိခိုက်မှုသူအချို့ရှိခဲ့ကြောင်း သိရသည်။

“ညကျရင် အိပ်ကိုမပျော်ဘူး။ သီတင်းကျွတ်ဗျောက်အိုးတွေလို မနေမနားကိုပစ်နေကြတာ။ မြို့ခံတွေက စိုးရိမ်ကြတာပေါ့။ တချို့လည်း ဒီမှာပဲနေတတ်၊ စားတတ်တဲ့သူတွေက ဘယ်မှမသွားကြပါဘူး”ဟု ဆိုသည်။

ကောလင်းနှင့် ပင်လယ်ဘူးမြို့ရှိ လုံခြုံရေးစခန်းများနှင့်  တပ်ဖွဲ့ဝင်များကို ဒေသတွင်း PDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထီးချိုင့်၊ အင်းတော်၊ ကသာစသည့်မြို့နယ်များတွင်လည်း ပစ်ခတ်မှုများ ရက်ဆက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

Most Read

Most Recent