ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးသည့်ကုမ္ပဏီများ နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးပေးသွင်းရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု စီးပွား/ကူးသန်း ကြေညာ

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးသည့်ကုမ္ပဏီများ နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးပေးသွင်းရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု စီးပွား/ကူးသန်း ကြေညာ
Published 9 November 2023

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးသည့်ကုမ္ပဏီများ နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးပေးသွင်းရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်စွဲဖြင့် အသိပေးကြေညာထားသည်။

အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ  ၄၅ ရက်အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်းလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/ ၂၀၂၂ ဖြင့်ထုတ်ပြန်ထားသည်။

အဆိုပါသတ်မှတ်ချက်များနှင့်အညီ  ငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့်ကုမ္ပဏီများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သဖြင့် ၂၀၂၃ နိုဝင်ဘာ  ၁၇ ရက်အတွင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပ ဒေများနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေပေးသွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြလိုပါက နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဌာန၊ ဖုန်း-၀၆၇-၃၄၁၈၇၅၄ နှင့် ကုန်သွယ်ရေး ဦးစီးဌာန၊ ဖုန်း-၀၆၇-၃၄၀၈၂၅၈၊၀၆၇-၃၄၀၈၂၈၁ တို့သို့ဆက်သွယ်နိုင်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပို့ကုန်ရငွေများကို အာရှနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ၄၅ ရက်အတွင်းနှင့် အခြားနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ရက် ၉၀ အတွင်း ပို့ကုန်တင်ပို့သူ၏ဘဏ်စာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၆ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါသတ်မှတ်ချက်အရ ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း စီမံဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ပပို့ကုန်တင်ပို့ ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေပေးသွင်းရန်ကျန်သည့် ကုမ္ပဏီစာရင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနသို့ပေးပို့ခြင်း၊ တစ်ချိန်တည်းတွင် သက်ဆိုင်ရာ AD ဘဏ်များသို့အကြောင်းကြားခြင်း၊ ကုန်သွယ်ရေးဦးစီးဌာနသည် အဆိုပါကုမ္ပဏီစာရင်းကို ပို့ကုန်ရငွေပြန်လည် ပေးသွင်းနိုင်ရေအတွက်  UMFCCI သို့ ထပ်ဆင့်အကြောင်းကြားခြင်း၊ ကုန်သွယ်ရေးဦးစီးဌာနက ကုမ္ပဏီများသို့အသိပေးအကြောင်း ကြားပြီးနောက် ရက်သတ္တနှစ်ပတ်အတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပိတ်သိမ်းခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ကြောင်း စာရင်းရှင်းလင်းပြီးသည့် ကုမ္ပဏီများ စာရင်းကို ကုန်သွယ်ရေးဦးစီးဌာနသို့ အကြောင်းကြားလာပါက ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်မှတ်ပုံတင်ပြန်လည်ဖွင့်လှစ်ပေးခြင်းတို့ စီမံဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ စာရင်းရှင်းလင်းမှုမရှိသည့် ကုမ္ပဏီများအား အထက်ပါအစီအမံအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းပြီးသည့်တိုင် စာရင်းရှင်းလင်းမှုမရှိသည့် ကုမ္ပဏီများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ -က အရလည်း အရေးယူသွားမည်ဖြစ်သဖြင့်  ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း အပြီးပေးချေသွားကြရန် ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားသည်။

Most Read

Most Recent