ကိုးကန့်ဒေသ မြန်မာ-တရုတ်နယ်စပ်မျဉ်း BP (၁၂၅) အနီးရှိ စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်ဦးရေ ၁၃၄၀၀ ကျော်ရှိလာ 

ကိုးကန့်ဒေသ မြန်မာ-တရုတ်နယ်စပ်မျဉ်း BP (၁၂၅) အနီးရှိ စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်ဦးရေ ၁၃၄၀၀ ကျော်ရှိလာ 
Published 7 November 2023

ကိုးကန့်ဒေသအတွင်း တိုက်ပွဲများကြောင့် ကိုးကန့်ဒေသ မြန်မာ-တရုတ်နယ်စပ်မျဉ်း BP (၁၂၅) အနီးရှိ စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်ဦးရေ ၁၃၄၀၀ ကျော်ရှိလာကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်သည်။ 

ကိုးကန့်ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ရွှေယင်စီးကျေးရွာအုပ်စု၊ ထင်ပါကျိုင်းကျေးရွာအုပ်စုနှင့် ဒေသတွင်းရှိ အခြားဆက်စပ် ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် BP (၁၂၅) စစ်ဘေးရှောင်စခန်းသို့ အဆက်မပြတ် ဝင်ရောက်လျက်ရှိသောကြောင့် နိုဝင်ဘာ ၆ ရက်အထိ BP (၁၂၅) စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၁၃၄၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

BP (၁၂၅) စစ်ဘေး ရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ အဆက်မပြတ် တိုးမြင့်လာသဖြင့် စစ်ဘေးရှောင်စခန်းအတွင်း နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် သောက်သုံးရေတို့ လိုအပ်ချက်ကြီးမားလာသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနှင့်ပြန်ကြားရေးဌာနက ဆိုသည်။ 

စစ်ဘေးရှောင်ပြည်သူများ၏ နေထိုင်ရေးနှင့် အခြေခံဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်း “ကိုးကန့်ပရဟိတ စုပေါင်းအဖွဲ့”က ဦးဆောင်၍ သက်ဆိုင်ရာ လူမှု ဖူလုံရေးအဖွဲ့များနှင့်အတူ  ကိုးကန့်နယ်စပ်မျဉ်း BP (၁၂၅) ၌ စစ်ဘေးရှောင်စခန်း ထူထောင်ခဲ့သည်။

စစ်ဘေးရှောင်စခန်းဖွင့်လှစ်မည့်နေရာအား အောက်တိုဘာ ၃၀  ရက်မှ စတင်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေမြောင်းများဖော်ခြင်းနှင့် လျှပ်စစ်မီးရရှိရေးစသည့် လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာအုပ်စု၊ ကျေးရွာအသီးသီးမှ ပြည်သူများကို ဆက်တိုက်လက်ခံနေရာချထားကာ လက်ရှိအချိန်တွင် လျှပ်စစ်မီးကို နေရာအနှံ့အသုံးပြုနိုင်ပြီဖြစ်သော်လည်း ရေပြတ်လပ်နေကြောင်း ထုတ်ပြန်မှုအရ သိရသည်။

BP (၁၂၅)  စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်သူဦးရေ ဆက်လက်တိုးမြင့်လာသည် နှင့်အမျှ ရေသန့်စက်ရုံများသည် ပြည်သူအားလုံး၏ အခြေခံရေသုံးစွဲမှုကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိကြောင်း၊ စစ်ဘေးရှောင်စခန်းရှိ  နေ့စဉ် ရေလိုအပ်ချက်နှင့် ရေအခက်အခဲများ ဖြေလျော့ပေးနိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မီးသတ်ဦးစီးဌာနမှ ပြည်သူများထံသို့ နေ့စဉ် သောက်သုံးရေများ ဖြန့်ဝေပေးလျက် ရှိကြောင်း၊ ရေဖြန့်ဝေခြင်းလုပ်ငန်းကို နိုဝင်ဘာ ၄ ရက်တွင် စတင် ဆောင်ရွက်ခဲ့ကာ နေ့စဉ် မီးသတ်ယာဉ်လေး စီးဖြင့် စစ်ဘေးရှောင်စခန်းသို့ ပို့ဆောင်ပေးလျက်ရှိရာ စစ်ဘေး ရှောင်ပြည်သူများ အဆက်မပြတ်တိုးများလာသည့် အခြေအနေပေါ်မူတည်၍ သောက်သုံးရေများ ဆက်လက်ဖြန့်ဝေမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ BP (၁၂၅) ရှိ နေအိမ်များသည် စစ်ရှောင်ပြည် သူများ၏လိုအပ်ချက်များကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သောကြောင့် လူအများစုသည် အမိုးအကာအဖြစ် မြေကွက်လပ်တွင် ရွက်ဖျင်တဲများအသုံးပြုနေရကြောင်း၊ ထို့ကြောင့် ရွက်ဖျင်တဲနှင့် မိုးကာစသည့် အသုံးအဆောင်ပစ္စည်းများ ဆိုးရွားစွာ ပြတ်လပ်နေကြောင်း၊ ထို့ပြင် စစ်ဘေးရှောင်စခန်း၌ ပိုးသတ်ခြင်း၊ အသုံးအဆောင်ပစ္စည်းများနှင့် ပြည်သူများ၏ စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကပြောကြားကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စစ်ဘေးရှောင်စခန်း၌ စေတနာ့ဝန်ထမ်းပေါင်း ၁၇၀ ကျော်ရှိပြီး စစ်ဘေးရှောင်စခန်း၌ ရုံးခန်းနှင့် ဆေးခန်းများ ထားရှိကာ အဆိုပါရုံးသည် နေ့စဉ် ဝင်ရောက်လာသူများအတွက် အချက်အလက်များ မှတ်တမ်းတင်ထားရှိ၍ ဆေးခန်းသည် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများ၏ ကျန်းမာရေးကို ထောက်ပံ့ပေးရန်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent