မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း ပထမအဆင့်အနေဖြင့် နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များဖြင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း ဆောင်ရွက်

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း ပထမအဆင့်အနေဖြင့် နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များဖြင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း ဆောင်ရွက်
Published 6 November 2023

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားရေတပ်ဖွဲ့များပါဝင်သည့် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း ပထမအဆင့်အနေဖြင့် နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များဖြင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့၌ ရုရှားစစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲ၊ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲနှင့် ချစ်ကြည်ရေးလွန်ဆွဲ ပြိုင်ပွဲများ ယှဉ်ပြိင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းပထမအဆင့်အနေဖြင့် နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များဖြင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်း (Harbour Phase) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ရုရှားရေတပ်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များသည် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသို့ နိုဝင်ဘာ ၄ ရက်တွင် လာရောက်လေ့လာရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး လိုက်လံရှင်းလင်းပြခဲ့ကြောင်း သိရသည်။

အလားတူ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များလည်း ရုရှားစစ်ရေယာဉ်များသို့ သွားရောက်လေ့လာရာ ရုရှားစစ်ရေယာဉ်များမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ရေယာဉ်ပေါ်တွင် လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ရုရှား စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များသည် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီး သွားရောက်လည်ပတ်ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့်ချစ်ကြည်ရေး ခရီးလည်ပတ်ရန်အတွက် ရုရှားရေတပ်မှ ဖျက်သင်္ဘော (Destroyer) များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs၊ Admiral Panteleev နှင့် Sea Tanker Pechenga တို့သည် မြန်မာနိုင်ငံတော်သို့ နိုဝင်ဘာ ၂ ရက် တွင် ရောက်ရှိနေခြင်းဖြစ်သည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captin 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့်လိုက်ပါလာကြောင်းသိရသည်။

ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ ရေတပ်ဦးစီးချုပ်Admiral Nikolai AEVMENOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တိုသည် နိုဝင်ဘာ ၄ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိဗာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ရုရှားနိုင်ငံ၊ ရေတပ်ဦးစီးချုပ် Admiral Nikolai A EVMENOV အား နိုဝင်ဘာ ၄ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပင်လယ်ရေကြောင်းလုံခြုံရေး ပူးပေါင်းလေ့ကျင့်ခန်းဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများပါဝင်သည့် ရေကြောင်းလုံခြုံရေးပင်လယ်ပြင် လေ့ကျင့်ခန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းလေ့ကျင့်ခန်းများ ဆောင်ရွက်မည့်ဧရိယာမှ ငါးမိုင်ပတ်လည်တွင် သင်္ဘောများ ဖြတ်သန်းသွားလာခြင်း၊ အမြင့်ပေ ၁၅၀၀၀ အောက်လေယာဉ်၊ ရဟတ်ယာဉ်များ ဖြတ်ကျော်ပျံသန်းခြင်းမပြုရန် မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

Most Read

Most Recent