ဝယ်ယူမည့်နိုင်ငံ၏ စံသတ်မှတ်ချက်မပြည့်မီပါက  ကုန်ပစ္စည်းများ ဆိပ်ကမ်းမှပြန်ပို့ခံရမှုများ ကြုံတွေ့နိုင်သဖြင့် တင်ပို့မည့်ကုန်များကို ဓာတ်ခွဲခန်းသို့ ပေးပို့ရန်လုပ်ငန်းရှင်များအား တိုက်တွန်း

ဝယ်ယူမည့်နိုင်ငံ၏ စံသတ်မှတ်ချက်မပြည့်မီပါက  ကုန်ပစ္စည်းများ ဆိပ်ကမ်းမှပြန်ပို့ခံရမှုများ ကြုံတွေ့နိုင်သဖြင့် တင်ပို့မည့်ကုန်များကို ဓာတ်ခွဲခန်းသို့ ပေးပို့ရန်လုပ်ငန်းရှင်များအား တိုက်တွန်း
အင်ဒိုနီးရှားသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာအစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-UMFCCI)
အင်ဒိုနီးရှားသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာအစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-UMFCCI)
Published 2 November 2023

ဝယ်ယူမည့်နိုင်ငံ၏ စံသတ်မှတ်ချက်မပြည့်မီပါက  ကုန်ပစ္စည်းများ ဆိပ်ကမ်းမှပြန်ပို့ခံရမှုများ ကြုံတွေ့နိုင်သဖြင့် တင်ပို့မည့်ကုန်များကို ဓာတ်ခွဲခန်းသို့ ပေးပို့ရန်လုပ်ငန်းရှင်များအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက တိုက်တွန်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ယင်းတို့၏ Food Safety Law အရ လယ်ယာထွက်ကုန်များတင်ပို့သည့်အခါ Food Safety ကို ပထမဆုံး‌တောင်းဆိုသောနိုင်ငံဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ အသိအမှတ်ပြုဓာတ်ခွဲခန်းက အသိ အမှတ်ပြုလက်မှတ်ရရန် တောင်းဆိုထားခြင်းဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင်  မြန်မာနိုင်ငံမှအင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ လိုအပ်ချက်၊  အကြံပြုချက်များအတွက် တွေ့ဆုံညှိနှိုင်းပွဲကို အသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယခင်က လယ်ယာထွက်ကုန်များစစ်ဆေးနိုင်ရန် ဓာတ်ခွဲခန်းတပ်ဆင်ပစ္စည်း၊ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဆင်သင့်မဖြစ်သေးသည့်အတွက် ပြည့်စုံစွာ ဆောင်ရွက်နိုင်မှုမရှိသေးခဲ့သော်လည်း ယခုအခါ တွင် ဓာတ်ခွဲစစ်ဆေးမှု အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး  အင်ဒိုနီးရှားနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့သည့်အခါ ပိုးသတ်ဆေး၊ ဓာတ်ကြွင်းနှင့် မှိုအဆိပ်သင့် ရောဂါအန္တရာယ်ကင်းရှင်းစေရန် မြန်မာနိုင်ငံဖက်က အစဉ်တစိုက်ကြိုးပမ်းခဲ့ရာ ယခု ISO 17025 ထောက်ခံချက်ရရှိခဲ့ပြီဖြစ်သည်။ လယ်ယာထွက်ကုန်ပို့ကုန်လုပ်ငန်းများအနေဖြင့် ကောင်းမွန်သော စျေးကွက်သို့ဂုဏ်သိက္ခာရှိစွာ တင်ပို့ရောင်းချနိုင်ပြီဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား Sanitary and Phytosanitary မှာ ချောမွေ့သော ကူးသန်းရောင်းဝယ်မှုများဖြစ်ခဲ့သလို ခက်ခဲသောကာ လများလည်း ကြုံတွေ့ခဲ့ရတာရှိပါတယ်။  နိုင်ငံတော်မှ ပြည်ပသို့တင်ပို့မဲ့ လယ်ယာထွက်ကုန်များကို နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် တောင်သူလယ်သမားများ အတွက်လည်း အဆင်ပြေသလို ပို့ကုန်လုပ်ငန်းရှင်များအတွက်လည်း အကျိုးကျေးဇူးများခံစားနိုင်ရပါတယ်၊ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ လူဦးရေများတဲ့အတွက် လယ်ယာထွက်ကုန်များ ပိုမိုလိုအပ်သလို၊ မိမိတို့နိုင်ငံအတွက် စျေးကွက်ချဲ့ထွင်ရန် လည်းလိုအပ်ပါတယ်၊ ကြီးမားသော စျေးကွက်မှာ အရည်အသွေး ကောင်းမွန်စွာပေးပို့နိုင်ဖို့အတွက် အရေးကြီးပါတယ်၊ ယခုလိုဆွေး နွေးပွဲမှာ ဓာတ်ခွဲစစ်ဆေးခြင်းဆိုင်ရာ လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်တဲ့အခါ  ဝယ်ယူမဲ့ နိုင်ငံရဲ့လိုအပ်ချက်၊ အကန့်အသတ်၊ စံသတ်မှတ်ချက်တွေကိုသိဖို့ လိုအပ်ပါတယ်၊  လိုအပ်ချက်ကို ပြည့်မီအောင် မပို့နိုင်ပါက ကုန်ပစ္စည်းများ ဆိပ်ကမ်းကနေပြန်ပို့ခံရမှုများ ကြုံတွေ့နိုင်ရပါတယ်၊  ယနေ့ဆွေးနွေးပွဲက လယ်ယာ ထွက်ကုန်များတွင် ဓာတုဓာတ်ကြွင်းတွေ ၊ ပါဝင်နိုင်တဲ့ မှိုအဆိပ်အသင့်မှု၊ အဆိပ်သင့်ပစ္စည်းများကို စစ်ဆေးရတာဖြစ်ပါတယ်၊ အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများကို တင်ပို့မဲ့ပစ္စည်းအားလုံးကို နမူနာ ယူပြီး စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးမရှိပါဘူး၊ နိုင်ငံတကာမှာလည်း ဒီလိုပဲဖြစ်ပါတယ်၊ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့တင်ပို့မဲ့ ပို့ကုန်မှာ ကိုယ်စားပြုမဲ့သီးနှံ Sample ပစ္စည်းကိုသာ ဓာတ်ခွဲခန်းကို ပေးပို့စေလိုပါတယ်၊ ပို့ကုန် ကိုယ်စားပြုမဲ့သီးနှံ Sampleကို ယူတတ်ဖို့လိုပါတယ်၊ တောင်သူများကလည်း ပိုးသတ်ဆေး၊ ဓာတ်ကြွင်းမပါအောင် လိုက်နာနိုင်အောင် ဆောင်ရွက်သင့်ပါတယ်၊  လုပ်ငန်းရှင်များက တောင်သူများကို အသိပညာပေး၊ နည်းပညာပေး၊ လုပ်ငန်းများတွင်လည်း တိုက်တွန်း ဆောင်ရွက်ပေးစေလိုပါတယ်”ဟု ပြော ကြားခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း (Argicultural Products Analytica Lab APAL)သည် ISO17025 ကို ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံဘက်မှ အတည်ပြုလက်ခံ သောဓာတ်ခွဲခန်းဖြစ်သည်။  အင်ဒိုနီးရှား အတွက်သာမက အခြားနိုင်ငံများနှင့် ပြည်တွင်း Food Safety အတွက် စစ်ဆေးမှုများကိုပါ ဆောင်ရွက်နိုင်သည့် နိုင်ငံတကာအဆင့်မီဓာတ်ခွဲစမ်းသပ်မှုလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent