သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုးနှင့် မူဆယ်မြို့နယ်တို့တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၆၂၀၀ ကျော် ပြည်တွင်းနေရပ်စွန့်ခွာခဲ့ရပြီး ဘာသာရေးအဆောက်အဦများနှင့် ယာယီစခန်းများတွင် ခိုလှုံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးတို့ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် လုံခြုံရေးအခြေအနေ သိသိသာသာ ဆိုးရွားလာခဲ့ကြောင်း၊ အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ (MNDAA)၊ တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့(AA) တို့သည် ရှမ်းပြည်မြောက်ပိုင်းရှိ တပ်မတော် စခန်းများနှင့် ရဲကင်းစခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၂၂ မြို့နယ်အနက် ရှစ်ခုတွင် အပြင်းအထန် ပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနှင့် နမ့်ခမ်းမြို့နယ်တို့တွင် ကလေးနှစ်ဦးအပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုးနှင့် မူဆယ်မြို့နယ်တို့တွင် အနည်းဆုံး လူပေါင်း ၆၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ၎င်းတို့အနက် လူဦးရေ ၁၀၀၀ ခန့်သည် သစ်တောများတွင် ခိုလှုံနေရကာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀၀ ကျော်ရှိပြီး အများစုမှာ ဘာသာရေးအဆောက်အဦများနှင့် ယာယီစခန်းများတွင် ခိုလှုံနေကြကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့မှ ဒေသခံ ၅၀၀ ခန့်သည် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံသို့ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသည်ဟု သိရပြီး တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူဦးရေ တိုးလာဖွယ်ရှိကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လားရှိုးမြို့ မြောက်ဘက်သို့ စစ်ဘေးရှောင်ပြည်သူများ ဝင်ရောက်လာမည့် လမ်းများကို ပိတ်ဆို့ထားသည့်အပြင် သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆက်သွယ်ရေးများ ပြတ်တောက်နေပြီး တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့နယ်အတွင်း ဓာတ်အားလိုင်းများ ပျက်စီးသဖြင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း UNOCHA က ဆိုသည်။