မကွေးတိုင်းဒေသကြီး မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၄ ရက်နေ့က စတင် ကျင်းပလျက်ရှိပြီး သီတင်းကျွတ်လပြည့် (အောက်တိုဘာ ၂၉ ရက်) နေ့ ညနေက ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀၊ နံသာ ၉၀၀၀ ပူဇော်ပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။
COVID 19 ရောဂါ ဖြစ်ပွားစဉ်ကတည်းက စျေးဆိုင်ခန်းများဖြင့် မကျင်းပနိုင်ခဲ့သည့် မြသလွန်စေတီတော်မြတ်ကြီး ဘုရားပွဲတော်ကို ယခုနှစ်တွင်မှ စျေးဆိုင်ခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း၊ အဆိုပါပွဲတော်ကို အောက်တိုဘာ ၂၄ ရက်နေ့မှ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာ ကျင်းပမည်ဖြစ်ကြောင်း သီတင်းကျွတ်လပြည့်နေ့တိုင်း မြသလွန်စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ကျင်းပမြဲဖြစ်သည့် ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀၊ နံ့သာ ၉၀၀၀ ပူဇော်ပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် မြန်မာ့ရိုးရာ အစားအစာအမျိုးမျိုး ၊လူသုံးကုန်စ္စည်းများနှင့် တောင်သူသုံးပစ္စည်းအမျိုးမျိုး၊ ပရိဘောဂ ပစ္စည်းအမျိုးမျိုးနှင့် ဒေသထွက် ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချသည့် စျေးဆိုင်ခန်းပေါင်း ၆၀၀ ကျော် ခင်းကျင်းလျက်ရှိကြောင်း ယင်းပွဲတော်သို့ မကွေးမြို့မှသာမက မင်းဘူး၊ စကု၊ ရေနံချောင်း မြို့နယ်များမှ ဘုရားဖူးများလည်း လာရောက်လျက်ရှ်ိကြောင်း သိရသည်။















