နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီး တွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး

နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီး တွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး
Published 26 October 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီရှုသ်ကင် (Lieutenant General Igor MISHUTKIN) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၂၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရုားနိုင်ငံ စစ်သံမှူး Colonel Sergey Kurchenko နှင့် ရုရှားနိုင်ငံ၊ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်မှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်တကွ အဖွဲ့ဝင်များအား မိမိအနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်းဖြင့် ဦးစွာပြောကြားခဲ့ပြီး ရုရှားနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးက မိမိတို့ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့်အတွက် အထူးပင်လကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ရုရှားနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက် ခိုင်မာအောင် ဆောင်ရွက်နိုင်မှု၊ စစ်ဘက်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင် သင်တန်းသားများစေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင်နိုင်မှုတို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် (Military University of Defence Ministry) ၏ “ဂုဏ်ထူးဆောင် ပါမောက္ခ” ဘွဲ့ (Honorary Professor of the Russian Military University) ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်တက္ကသိုလ်မှ ဘုတ်အဖွဲ့များ၏ ဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန် ၂၃ ရက်တွင်  ချီးမြှင့်အပ်နှင်းပေးအပ်နိုင်ခဲ့သည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ရုရှားနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသည့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခုလက်ရှိတွင် ဘာသာစကားသင်တန်းများကိုလည်း သင်ကြားပေးလျက်ရှိပြီး မြန်မာဘာသာစကားကို တိုးချဲ့သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာနိုင်ငံ၌ မြန်မာဘာသာစကား လာရောက်သင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးစေလိုမှုအခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့သည် ပြည်သူက ပေါက်ဖွားလာသည့် တပ်မတော်များဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးနေမှုကြောင့် ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent