ရသစာပေ လုံးချင်းဝတ္ထုများအား ရေးသားဖန်တီးသူ တစ်ဦးဖြစ်ပြီး အောင်မြင်သည့် ဝတ္ထုများစွာအား ရေးသားဖန်တီးခဲ့သည့်အပြင် ၎င်းဖန်တီးခဲ့သည့် ဇာတ်ကောင်များနှင့် ပတ်သက်၍ အငြင်းပွား ဝေဖန်မှုများကိုလည်း ကြုံတွေ့ခဲ့ရသူတစ်ဦးမှာ စာရေးဆရာမ လွန်းထားထားပင် ဖြစ်သည်။ လက်ရှိအချိန်အထိပင် လုံးချင်းဝတ္ထုများစွာကို ဆက်လက် ရေးသားလျက်ရှိသည့်အပြင် ၎င်းဖန်တီးခဲ့သည့် စာအုပ်များကို ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်မှုကိုလည်း ခံထားရသူဖြစ်သည်။ စာရေးဆရာမ လွန်းထားထားသည် ကိုယ်ပိုင်မိသားစုဘဝအား တည်ထောင်ထားရာ၌ ချစ်စဖွယ် သမီးငယ်လေးတစ်ဦးကိုပါ ပိုင်ဆိုင်ထားသူဖြစ်ကာ ခင်ပွန်းနှင့် ပတ်သက်၍ ကြုံတွေ့ခဲ့ရသည့် စွပ်စွဲပြောဆိုမှုများအား တစ်စုံတစ်ရာ ဖြေရှင်းပြောဆိုခြင်း မရှိဘဲ တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ မကြာသေးမီအချိန်က ဆရာမလွန်းထားထား၏ ခင်ပွန်းတွင်အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်ချက် ပြန်လည်ထွက်ပေါ်ခဲ့ပြီးနောက် ဆရာမလွန်းထားထားနှင့် တွေ့ဆုံ၍ ဘဝဖြတ်သန်းမှုတစ်လျှောက် အတွေ့အကြုံများ၊ ကိုယ်တိုင်ဖန်တီးခဲ့သည့် စာပေလက်ရာများနှင့် ပတ်သက်၍ ဝေဖန်မှုများအပေါ် ရင်ဆိုင်ခဲ့ရမှုများ၊ ခင်ပွန်းနှင့်ပတ်သက်၍ ကြုံတွေ့ခဲ့ရသည့် လောကဓံများကို ရင်ဆိုင်ခဲ့ရပုံများအား မေးမြန်းဖြစ်ခဲ့ရာတွင် မေးခွန်းအချို့ကို ဖြေကြားရန် ငြင်းဆန်ခဲ့ပြီးနောက် ပြန်လည်ဖြေကြားခဲ့သည်များအား စုစည်းဖော်ပြပေးဖြစ်ပါသည်။
■ မေး- မထားအနေနဲ့ စာရေးဖို့အတွက် ဘယ်လို Inspiration စရခဲ့တယ်ဆိုတာလေး အရင်ပြောပြပါလား။
ဖြေ- မထား စာရေးဖို့ Inspiration စရတာကတော့ မထားဖေဖေရဲ့ကျေးဇူးကြောင့်ပါ။ ဖေဖေက စာအုပ်တွေ အရမ်းစုဆောင်းတာ ဝါသနာပါတော့ အိမ်မှာ စာအုပ်တွေမျိုးစုံ ရှိပါတယ်။ စာကြည့်တိုက်တစ်ခုလိုပဲ စာအုပ်တွေနဲ့ အမြဲရင်းနှီးနေတော့ လေးတန်းကျောင်းသူဘ၀ ကတည်းက စာအုပ်တွေယူဖတ်ရင်း စာဖတ်ရတာကို အရမ်းကြိုက်လာပါတယ်။ စာဖတ်နာလာတော့ စာရေးချင်စိတ်ကလည်း သူ့အလိုလို ပေါ်လာတာပါပဲ။ အဲဒီကနေ စခဲ့ပါတယ်။
■ မေး-လုံးချင်းဝတ္ထုတွေ များစွာရေးသားခဲ့ရာမှာ ကွဲပြားတဲ့ရေးဟန် ဇာတ်ကောင်စရိုက်တွေနဲ့ တွဲဖက်အောင်မြင်ခဲ့သလို ဝေဖန်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါတွေကိုရော ဘယ်လို ဖြတ်သန်းခဲ့ရပါသလဲ။ ကိုယ့်စံချိန်ကို ကိုယ်တိုင်ပြန်ချိုးနိုင်ဖို့အတွက်ရော ဘယ်လို အားထုတ်ခဲ့ရလဲ။
ဖြေ- မထား စာစရေးတဲ့အချိန်မှာ သူများနဲ့မတူတဲ့ ဇာတ်ကောင်စရိုက်တွေ၊ ဇာတ်လမ်းအဆန်းလေးတွေ ရေးရတာကို ကြိုက်ခဲ့ပါတယ်။ ပရိသတ်ကလည်း အားပေးခဲ့ကြပါတယ်။ လူငယ်ဆိုတော့ လူငယ်အတွေး အရေးလေးတွေပေါ့နော်။ ဝေဖန်တာတွေလည်း ခံခဲ့ရပါတယ်။ ဇာတ်လမ်းတွေက ပြင်းရှတာတွေ အစွန်းရောက်ခဲ့တာတွေလည်း ရှိပါတယ်။ တဖြည်းဖြည်း အသက်လေးရတဲ့အခါ စာရေးသက်ရင့်လာတဲ့အခါ ထက်မြက်ပြီး ကိုယ့်အားကိုယ့်ကိုး တတ်တဲ့ မိန်းမတွေအကြောင်း မာနကြီးတဲ့ ဇာတ်ကောင်မိန်းကလေးတွေရဲ့ အားပြိုင်မှုတွေကို ရေးခဲ့ပါတယ်။ အခုအချိန်မှာတော့ လူငယ်လေးတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် မက်ဆေ့ချ်လေးတွေ ထည့်သွင်းရေးဖွဲ့ ဖြစ်လာပါတယ်။ စာရေးသူရဲ့အသက်အရွယ်ကို လိုက်ပြီး ကိုယ့်စာတွေလည်း ပြောင်းလဲသွားတဲ့ သဘောပါ။ ဝေဖန်မှုတွေကိုလည်း မထားအနေနဲ့ လက်ခံသင့်တာကိုယူပြီး မလိုအပ်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကိုတော့ ဥပေက္ခာပြုလိုက်တာ များပါတယ်။ ကိုယ့်စံချိန်ကို ချိုးနိုင်အောင် တမင်အားထုတ်ခဲ့တာမျိုးထက် ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလေ့ရှိပါတယ်။ ကြိုးစားအားထုတ်ထားတဲ့ အရာတိုင်းမှာ ရလဒ်ကောင်းတွေက အမြဲစောင့်ကြိုနေတာပါ။ အဲဒါကို ယုံကြည်ပါတယ်။
■ မေး-အောင်မြင်နေတဲ့ စာရေးဆရာမတစ်ယောက် အဖြစ်ကနေ ကိုယ်ပိုင်မိသားစုဘ၀ တည်ထောင်တဲ့အခါ ရရှိလာတဲ့ သာယာမှုနဲ့အတူ ဘာတွေ စွန့်လွှတ်ခဲ့ရတာမျိုးရှိလဲ။ ပရိသတ်အတွက် စာရေးဆရာမ တစ်ယောက်ရဲ့ဘဝနဲ့ မိသားစုအတွက် အိမ်ရှင်မတစ်ယောက်ရဲ့ ဘဝခြားနားမှုကိုလည်း သိချင်ပါတယ်ရှင့်။
ဖြေ- မထား လက်ထပ်တော့ မြန်မာပြည်မှာ အောင်မြင်မှုတွေ ရနေတဲ့အချိန်ပေါ့နော်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ အရွယ်ရောက်လာတဲ့အချိန်မှာ မိသားစုဘဝလေးနဲ့ဆိုရင် ပိုပြီး ပြည့်စုံလာမယ်လို့ မထား ယုံကြည်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုခဲ့တာပါ။ အိမ်ထောင်ရေးလည်း သာယာပျော်ရွှင်ခဲ့ရပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ခွင့်ရခဲ့တာမို့ ဘဝမှာ အကျေနပ်ဆုံးပါပဲ။ အဲဒီအတွက် ခံစားမှုကတော့ မထားကိုယ့်မိသားစု ဘဝလေးကို တန်ဖိုးထားတတ်လာပါတယ်။ ဘဝကို ငြိမ်းချမ်းတည်ငြိမ်စွာ လျှောက်လာနိုင်ခဲ့ပါတယ်။ မထားရထားတဲ့ ဘဝကို ကျေနပ်ရောင့်ရဲပါတယ်။ ဖြစ်လာသမျှ အခက်အခဲတွေကိုလည်း တရားနှလုံးသွင်းပြီး ရင်ဆိုင်ဖြတ်ကျော်ခဲ့ပါတယ်။ စာရေးဆရာမဘဝနဲ့ အိမ်ထောင်ရှင်မဘ၀ တော်တော်လေး ကွာခြားပါတယ်။ အပျိုတုန်းကဆိုရင် မနက်ဘုရားရှိခိုး စားသောက်ပြီးရင် ကြော့ကြော့လေးဝတ်ပြီး ကန်တော်ကြီးကရဝိတ်ဟိုတယ်မှာ စာသွားရေးပါတယ်။ ပူပန်ကြောင့်ကြ ဘာမှမရှိတဲ့ ဘဝလေ။ အေးချမ်းလိုက်တာ လွန်ရော။ ဘာမှ နောက်ဆံတင်းစရာ မရှိပါဘူး။ အိမ်ထောင်ရှင်မဘ၀ ရောက်တော့ အိမ်မှုကိစ္စတာဝန်တွေက များလိုက်တာ။ ခင်ပွန်း တာဝန်၊ သမီးလေး တာဝန်၊ ချက်ရေးပြုတ်ရေး၊ လျှော်ဖွပ်အိမ်သိမ်း၊ အများကြီးပါပဲ။ မထား တစ်ယောက်တည်း ဒိုင်ခံလုပ်ရတာ။ အဲဒီတော့ မထားက အရှုံးမပေးချင်တော့ စာရေးတဲ့အလုပ်ကို မစွန့်လွှတ်နိုင်တော့ အချိန်ကို ရှာဖွေရပါတယ်။ သမီးကျောင်းသွားချိန်ဆို ကိုယ်လည်း စာကြည့်တိုက်သွားပြီး စာရေးပါတယ်။ အရင်ကလောက်တော့ စိတ်လွတ်ကိုယ်လွတ်မရှိတာ အမှန်ပါပဲ။
■ မေး-သမီးလေးကို လိမ္မာယဉ်ကျေးတဲ့ သမီးလေးဖြစ်လာအောင် ဆုံးမပဲ့ပြင်နိုင်သလို ဘာသာတရား ကိုင်းရှိုင်းစေတာလည်း တွေ့ရပါတယ်။ သမီးလေးကို ဆုံးမပဲ့ပြင်ပုံနဲ့ သမီးအပေါ်ထားတဲ့ မျှော်လင့်ချက်ကိုလည်း သိပါရစေ။
ဖြေ- သမီးလေးကို စကားပြောတတ်ပြီဆိုတာနဲ့ ဘုရားရှိခိုးတာ စသင်ပေးပါတယ်။ သမီး တစ်နှစ်နဲ့ ရှစ်လအရွယ်မှာ သမ္ဗုဒ္ဓေဂါထာကို သင်ပါတယ်။ နှစ်နှစ်သမီးအရွယ်မှာ တရားစထိုင်ခိုင်းပါတယ်။ သူထိုင်ချင်စိတ် ထက်သန်အောင် ချီးကျူး၊ ချော့မော့ဆုချနဲ့ လေ့ကျင့်ယူပေးခဲ့ပါတယ်။ ညနေဆို မိသားစု သုံးယောက်စလုံး ဘုရားခန်းထဲဝင် တရားတူတူထိုင်ပြီး ဘုရားရှိခိုး တရားထိုင်တတ်တဲ့ အလေ့အကျင့်လေး လုပ်ထားပေးပါတယ်။ အလေ့အကျင့်ကနေ ပါရမီထုံသွားတာပေါ့နော်။ မေတ္တသုတ်၊ မင်္ဂလသုတ် ရွတ်ရပါတယ်။ သမီးကို ဆုံးမသွန်သင်တဲ့အခါ တစ်ဖက်သတ် မဆူပါဘူး။ သူ့ကိုအပြစ်မတင်ဘူး။ သူနဲ့စကားပြောပါတယ်။ သူ့ခံစားချက်ကို နားထောင်ပြီး သူ့အမှားကို ထောက်ပြဝေဖန်ပါတယ်။ အမှားကို တာဝန်ယူတတ်အောင် အမှားထဲကနေ သင်ခန်းစာ ယူတတ်အောင် အမြဲသင်ပြပေးပါတယ်။ ကိုယ်မှားရင်တောင်းပန်ဖို့ ဝန်မလေးအောင် ဆုံးမပါတယ်။ ဘာသာတရား အသိတရားရဲ့ အဆုံးအမလေးတွေ ကံကံ၏အကျိုးလေးတွေကြောင့် မေတ္တာထားတတ်ဖို့ စိတ်ကောင်းရှိဖို့ ရိုးသားဖြောင့်မှန်ဖို့ မလိမ်ညာဖို့ အမြဲဆုံးမ သွန်သင်ထားပါတယ်။ သမီးလေးအပေါ် မျှော်လင့်ချက်တွေ ထားတာထက် သူ့ဘဝလေး တရားရဲ့စောင့်ရှောက်မှုနဲ့ လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်ဖို့၊ အခက်အခဲတွေ ရှိလာရင်လည်း တည်တည်ငြိမ်ငြိမ် ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ သတ္တိရှိဖို့ပဲ မထား မျှော်လင့်ပါတယ်။
■ မေး-လတ်တလောအနေနဲ့ မထားရဲ့ အနုပညာဖန်တီးမှုတွေကိုလည်း သိပါရစေရှင့်။
ဖြေ- ဒီလထဲမှာ “သူ့ပခုံးထက်က တက်တူးလေး” ဆိုတဲ့ စာအုပ်အသစ်လေး ထွက်ထားပါတယ်။ ရုပ်ရှင်အနေနဲ့ ရိုက်ထားပြီး ရုံတင်ရက် စောင့်နေတာက ချိုမြိန်သော လက်စားချေခြင်း၊ သံယောဇဉ်တွေသာ ကျည်ဆန်တွေဖြစ်ခဲ့ရင်၊ ကောင်းကင်တစ်ခု အလိုရှိသည်၊ တိတ်ဆိတ်နက်ရှိုင်းသော သက်သေ စာအုပ်တွေပါ။ ဒီဇင်ဘာထဲမှာ ရူးအောင်ချစ်မယ့်သူနဲ့ မော့ကြည့်တော့ ကြယ် စာအုပ်ကို ရုပ်ရှင်ကားသစ်နှစ်ကား ရိုက်ပါမယ်။
■ မေး- ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလားရှင့်။
ဖြေ-မထားကို အခုချိန်ထိ ချစ်ခင်အားပေးကြတဲ့ ချစ်ပရိသတ်ကို မထား အရမ်းကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီး ရေးစရာ အကြောင်းအရာတွေမှာ မက်ဆေ့ချ်လေးတွေ ထည့်ပြီး ရေးသွားပါမယ်။ ပရိသတ်စိတ်ဝင်စားမယ့် ဝတ္ထုတစ်ပုဒ်လည်း အကောင်းဆုံးဖြစ်အောင် ရေးဖို့ပြင်ဆင်နေပါတယ်။









