သရုပ်ဆောင်အဆိုတော် ထွန်းထွန်းနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်အဆိုတော် ထွန်းထွန်းနှင့် တွေ့ဆုံခြင်း
Published 27 December 2016
လင်းလင်းခိုင်

အနုပညာလောက အတွင်းသို့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖြတ်သန်း ဝင်ရောက်ခဲ့ပြီးဖြစ်သည့် သရုပ်ဆောင်အဆိုတော် ထွန်းထွန်းသည် ပရိသတ်လက်ခံအားပေးမှု အခိုင်အမာ ရရှိပြီးသား လူငယ်အနုပညာရှင် တစ်ဦးပင် ဖြစ်သည်။ သရုပ်ဆောင် လုပ်ငန်းများအား အချိန်ခဏတာ ရပ်နားထားခဲ့ပြီးနောက် တစ်ကျော့ပြန် အနုပညာလုပ်ငန်းများအား ပြန်လည်လုပ်ကိုင်လာချိန်တွင် အာရုံစူးစိုက်မှု၊ ကြိုးစားအားထုတ်မှုများနှင့်အတူ ပရိသတ် အားပေးမှုများကိုလည်း ပိုမိုများပြားစွာ ရယူထားနိုင်သူတစ်ဦး ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် အုတ်ကြားမြက်ပေါက်နှင့် ခိုးဆိုးလုနှိုက်ရုပ်ရှင် ဇာတ်ကားများနှင့် အကယ်ဒမီတစ်ကြိုပေးခြင်းကို ခံထားရသူ ဖြစ်သည့်အပြင် ယခုနှစ်အတွင်း ဇာတ်ကား အများအပြား၌ ပါဝင်ခွင့်ရရှိထားသူ တစ်ဦးလည်းဖြစ်သည်။ ဒီဇင်ဘာ ၂၄ ရက်တွင် ကျရောက်သည့် မွေးနေ့တွင် အလှူဒါနများဖြင့် ဖြတ်သန်းခဲ့သူ သရုပ်ဆောင်အဆိုတော် ထွန်းထွန်းနှင့် တွေ့ဆုံဖြစ်သည့်အခိုက် အကယ်ဒမီအကြို ရင်ခုန်သံစကားများနှင့် ယခုနှစ်အတွင်း လုပ်ဆောင်ဖြစ်ခဲ့သည့် အနုပညာလုပ်ငန်းများအပေါ် သုံးသပ်ချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး - ဒီနှစ်မွေးနေ့ အစီအစဉ်ကို ဖြတ်သန်းပုံလေး ပြန်ပြီးဝေမျှပေးပါဦး။
ဖြေ - ဒီနှစ်မွေးနေ့ကတော့ ခါတိုင်းနှစ်တွေလိုပဲ ရှစ်မိုင်က မစိုးရိမ်ကျောင်းတိုက်မှာ အလှူဒါနလုပ်ဖြစ်တယ်။ ဒီကျောင်းတိုက်မှာကတော့ နှစ်တိုင်း အလှူလုပ်နေကျ ကျောင်းတိုက်ပါ။ မွေးနေ့မှာ ခါတိုင်းနှစ်တွေဆိုရင်တော့ ဘာအလုပ်မှမလုပ်ဘဲ သီးခြားနားပြီးတော့ ဖြတ်သန်းဖြစ်တာများတယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြားပဲ အလုပ်တွေရှိနေတော့ အလှူပြီးတာနဲ့ ရှုတင်ကိုတန်းသွား ဖြစ်ပါတယ်။ တကယ်တမ်းတော့ တိရစ္ဆာန်တွေထားတဲ့ ဂေဟာတစ်ခုခုကို သွားလှူဖို့ စိတ်ကူးရှိပေမယ့် အလုပ်ရှိနေတော့ မသွားဖြစ်ဘဲ အလှူဒါနတွေနဲ့ပဲ ဖြတ်သန်းဖြစ်တာပေါ့။
■ မေး - အသက် ၃၃ နှစ်ပြည့်ပြီဆိုတော့ ဘာတွေပြောင်းလဲလာတယ်လို့ထင်လဲ။
ဖြေ - အဓိကတော့ နည်းနည်းရင့်ကျက်လာတယ်၊ လူကြီးဆန်လာတယ်လို့ ထင်တယ်။ အရင်ကတော့ အလုပ်လုပ်ပေမယ့် အရမ်းကြီး အာရုံစိုက်ချင်မှ စိုက်တာမျိုးလည်း ရှိတယ်။ အပျော်အပါးမက်တာမျိုး၊ အပေါင်းအသင်းတွေနဲ့ အချိန်ကုန်တာမျိုးတွေ များတယ်။ အခုတော့ အလုပ်အတွက် သေချာလေး အာရုံစိုက်ချင်လာတယ်။ ရှုတင်ပြီးသွားပေမယ့် နောက်တစ်ရက်အတွက် ကြိုတင်ပြင်ဆင်တာမျိုးတွေ၊ Gym ဆော့တာမျိုးတွေ ပိုလုပ်ဖြစ်လာပါတယ်။
■ မေး - ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးတွေ အများကြီး ရိုက်ခွင့်ရတယ်နော်။ အဲဒီအတွက် စိတ်ကျေနပ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ - ကျွန်တော် အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော် အခုအလုပ်တွေ အများကြီး လုပ်ခွင့်ရလာတဲ့ အတွက်လည်း ခွန်အားတွေ အများကြီးရပါတယ်။ အခုလို ကြိုးစားခွင့်တွေရလာတဲ့ အတွက်လည်း စိတ်ကျေနပ်ပါတယ်။ အဲဒီအတွက်လည်း ပရိသတ်တွေရော၊ အခွင့်အရေးပေးတဲ့သူတွေ အားလုံးကိုပါ ကျေးဇူးအများကြီးတင်ပါတယ်။
■ မေး - ဒီနှစ်ထဲမှာ ရုံတင်ထားတဲ့ အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ အကယ်ဒမီရ စေချင်ကြတယ်နော်။ အဲဒီအပေါ် ဘယ်လိုခံစားရလဲ။
ဖြေ - ကျွန်တော်ကတော့ အလုပ်တွေ အများကြီး ကြိုးစားနေပါတယ်။ ဒီနှစ်ထဲမှာ ရုံတင်ခဲ့တဲ့ အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ ခိုးဆိုးလုနှိုက် ဇာတ်ကားတွေမှာလည်း ကျွန်တော် အရမ်းကြိုးစားခဲ့ပါတယ်။ ကျွန်တော် လုပ်ဆောင်ခွင့်တဲ့ အပိုင်းတိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ ပရိသတ်တွေကရော၊ အနုပညာလောကထဲက လုပ်ဖော်ကိုင်ဖက်တွေကပါ ရစေချင်တဲ့အတွက်လည်း ဝမ်းသာကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အနုပညာရှင်တွေအတွက် တန်ဖိုးဖြတ်မရတဲ့ဆုဖြစ်လို့ လိုချင်မိပါတယ်။ ရခဲ့ရင်တော့ အကောင်းဆုံးပဲပေါ့နော်။ ဆုလည်းတောင်းနေပါတယ်။
■ မေး - သရုပ်ဆောင်ပိုင်းမှာလည်း ကြားထဲမှာ ခဏနားလိုက်သေးတယ်နော်။ အခုလို တစ်ကျော့ပြန် လှုပ်ရှားမှုတွေလုပ်တဲ့အခါ ဘယ်လိုကွာခြားမှုတွေ တွေ့ရလဲ။
ဖြေ - အဓိကတော့ အလုပ်နဲ့ ပတ်သက်လာရင် ကျွန်တော်ရင့်ကျက်လာတယ်။ အရင်လို ကလေးဆန်တဲ့ အကျင့်တွေလည်း နည်းလာတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ပေါ် အကောင်းဆုံး အာရုံစိုက်တတ်တဲ့ အကျင့်လည်း ရလာပါတယ်။
■ မေး - အကယ်ဒမီဆိုတာနဲ့ ပတ်သက်လို့ရော ဘယ်လိုခံယူထားလဲ။
ဖြေ - အကယ်ဒမီဆိုတာကတော့ မိမိရဲ့အလုပ်အပေါ် ထူးချွန်မှု၊ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ ချီးမြှင့်တာဖြစ်တဲ့အတွက် အနုပညာရှင်တွေတိုင်းကတော့ မက်မောလိုချင်ကြတဲ့ဆုလို့ မြင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ရဲ့ ကြိုးစားမှုရလဒ်ကို အသိအမှတ်ပြုမှုဆု အနေနဲ့ ရချင်မိပါတယ်။
■ မေး - ၂၀၁၆ ထဲမှာ ဇာတ်ကားငါးကားတောင် ရိုက်ခွင့်ရခဲ့တယ်ဆိုတော့ ဘယ်လိုထူးခြားတဲ့ ရသမျိုးတွေ ပရိသတ်တွေ ခံစားခွင့်ရမလဲ။
ဖြေ - ၂၀၁၆ ထဲမှာတော့ ဇာတ်ကားငါးကား ရိုက်ကူးခွင့်ရခဲ့ရာမှာ ဇာတ်ကားအားလုံးက တစ်ကားနဲ့တစ်ကား မတူကွဲပြားတဲ့ရသတွေ၊ ခံစားမှုတွေ၊ ဇာတ်လမ်းဇာတ်အိမ်မျိုးတွေ ဖြစ်တာကြောင့် ပရိသတ်တွေ အတွက်တော့ ရုံတင်ပြသတဲ့ အချိန်မှာ မတူကွဲပြားတဲ့ ခံစားမှုရသတွေ ရရှိလာမယ်လို့ ယုံကြည်ပါတယ်။ ပါဝင်ခွင့်ရတဲ့ ဇာတ်ကားတိုင်းမှာတော့ ကျွန်တော်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်နဲ့ ပီပြင်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။
■ မေး - ၂၀၁၇ အတွက်ရော ဘာတွေပြင်ဆင်ထားလဲ။
ဖြေ - ၂၀၁၇ အတွက်ကတော့ ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထားပါတယ်။ ထပ်မံရိုက်ကူးခွင့်ရမယ့် ဇာတ်ကားတွေကလည်း ကျွန်တော်မရိုက်ဖူးသေးတဲ့ ဇာတ်လမ်းပုံစံမျိုးတွေ ဖြစ်တဲ့အတွက် ထူးခြားမယ်လို့ ထင်ပါတယ်။ ကျွန်တော် ပါဝင်ရမယ့် ဇာတ်ကောင်စရိုက်နဲ အံဝင်ခွင်ကျဖြစ်အောင် အတတ်နိုင်ဆုံး ပြင်ဆင်သွားမှာပါ။ ဇန်နဝါရီ ၁ ရက်ကစပြီး ဒါရိုက်တာကိုစတီးလ် (ဒွေးမေတ္တာ) ရိုက်မယ့်ဇာတ်ကားမှာ သရုပ်ဆောင်ရပါမယ်။
■ မေး - ဂီတနဲ့ ပတ်သက်လို့ရော ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ - ကျွန်တော့်တစ်ကိုယ်တော် တေးစီးရီးသစ်ကို ၂၀၁၇ ထဲမှာ ထွက်နိုင်အောင် ကြိုးစားသွားပါမယ်။ လောလောဆယ် သရုပ်ဆောင်ပိုင်းကို အာရုံစိုက်ဖြစ်နေတော့ ဂီတပိုင်းဘက်ကို အချိန်သိပ်မပေးနိုင်ဘူး ဖြစ်နေတယ်။ ရှုတင်ကပြန်ရောက်တဲ့ အချိန်ကျတော့လည်း အချိန်မအားတာနဲ့ သီချင်းအတွက် သိပ်အချိန်မပေးနိုင်တာကြောင့် ၂၀၁၇ ထဲကျမှပဲ အချိန်မျှပေးဖို့ စိတ်ကူးထားပါတယ်။ လောလောဆယ်တော့ သီချင်းရေးထားပြီးသား လေးငါးပုဒ်လောက် ရှိပေမယ့် အသံမသွင်းရသေးပါဘူး။
■ မေး - အနုပညာအလုပ်တွေနဲ့ ပတ်သက်လို့ ပရိသတ်ကို ပြောချင်တာများရှိမလား။
ဖြေ - အနုပညာအလုပ်တွေကို ကျွန်တော် အာရုံစိုက်ပြီး အကောင်းဆုံး ကြိုးစားနေပါတယ်။ ကျွန်တော့်ကို အားပေးကြသလို ဝေဖန်ဖို့ရှိလာတဲ့အခါ လိုအပ်တာတွေကို ပြတ်ပြတ်သားသား ဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်။
■ မေး - နှင်းဆီအငြိမ့် အနေနဲ့ရော ထပ်ပြီးလှုပ်ရှားဖြစ်ဖို့ ရှိမလား။
ဖြေ - ၂၀၁၇ နှစ်သစ်မှာတော့ နှင်းဆီအငြိမ့်အနေနဲ့ အနုပညာလှုပ်ရှားမှု အသစ်တွေ ထပ်လုပ်သွားဖို့ ရှိပါတယ်။    

Most Read

Most Recent