ဒီဇင်ဘာ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ပြီး ပေါ့ဆမှုကြောင့် မီးလောင်မှုအများဆုံးဖြစ်

ဒီဇင်ဘာ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ပြီး ပေါ့ဆမှုကြောင့် မီးလောင်မှုအများဆုံးဖြစ်
Published 26 December 2016
အောင်ထက်ခိုင်

ဒီဇင်ဘာ ၁ ရက်မှ ၁၄ ရက်အတွင်း  မြန်မာတစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်းဒေသကြီး၌ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ဒီဇင်ဘာ ဒုတိယပတ်အတွင်း နိုင်ငံတစ်ဝန်းလုံး၌ မီးလောင်ကျွမ်းမှု ၆၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုများအနက် မီးဖိုမီးကြောင့် မီးလောင်မှု ၁၇ ကြိမ်၊ ပေါ့ဆမီးမှာ ၂၃ ကြိမ်၊ လျှပ်စစ်ကြောင့် မီးလောင်မှုမှာ ၁၇ ကြိမ်နှင့် မသမာသူရှို့မီးမှာ ခြောက်ကြိမ်ပါဝင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ဒုတိယပတ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလောင်မှုများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၄ ကြိမ် အများဆုံးဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ရှစ်ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ခုနစ်ကြိမ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ခြောက်ကြိမ်စီ၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ငါးကြိမ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် သုံးကြိမ်စီ၊ ချင်းပြည်နယ်တွင် နှစ်ကြိမ်နှင့် နေပြည်တော်တွင် သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြေငါးလုံး ဆုံးရှုံးခဲ့သော မီးလောင်မှုမှာ ဒီဇင်ဘာ ၁၁ ရက်က တောင်ဥက္ကလာပမြို့နယ် ၁၅ ရပ်ကွက် မြင်သာ ၄ လမ်း ၊ အမှတ် ၂၀၀/ ခ တွင်  ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုဖြစ်ပြီး မီးလောင်မှုအား မီးသတ်ကား ထွက်ခွာငြှိမ်းသတ်သည့်  Level-2 အဆင့် သတ်မှတ်ထားကာ မီးသတ်ကား အစီး ၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာဒုတိယပတ်အတွင်း မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် အိမ်ခြေ ၇၄ လုံး၊ ဂိုဒေါင်နှစ်လုံး မီးလောင်ပျက်စီးခဲ့ ပြီး ၈၄ ဦး မီးဘေးဒုက္ခရောက်ခဲ့ကာ ကျပ်သန်းပေါင်း ၆၅ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။                                  

Most Read

Most Recent