ရန်ကုန်မြို့၌ ရေပေးဝေမှုတွင် ရာခိုင်နှုန်း ၆၀ ခန့်မှာ လေလွင့်ဆုံးရှုံးမှု ဖြစ်ပေါ်နေဟုဆို

ရန်ကုန်မြို့၌ ရေပေးဝေမှုတွင် ရာခိုင်နှုန်း ၆၀ ခန့်မှာ လေလွင့်ဆုံးရှုံးမှု ဖြစ်ပေါ်နေဟုဆို
Published 25 December 2016
ကျော်ထင်

ရန်ကုန်မြို့တွင် ရေပေးဝေမှု၌ ရာခိုင်နှုန်း ၆၀ ခန့် လေလွင့်ဆုံးရှုံးမှု ဖြစ်ပေါ်နေကြောင်း ဂျပန်နိုင်ငံရှိ ရေသန့်စင်သည့် ကိရိယာများ ထုတ်လုပ်နေသော Japan System Planning Co.Ltd (JSP) ၏ဥက္ကဋ္ဌ Dr. KATSUYUKI KUMANO ကပြောကြားသည်။
ရန်ကုန်မြို့တွင် ရေပိုက်ပေါက်ခြင်း၊ ရေအလေအလွင့် ဖြစ်နေခြင်းများကို အတော်များများ တွေ့မြင်နေရကြောင်း၊ ပြည်သူများက ရာခိုင်နှုန်း ၄၀ လောက်သာ သုံးစွဲရပြီး ရာခိုင်နှုန်း ၆၀ မှာအလေအလွင့် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း Dr. KATSUYUKI KUMANO ကပြောကြားသည်။ ဂျပန်နိုင်ငံတွင် ရေမီတာဖြင့် ရေသုံးစွဲရမှုမှာ ဈေးကြီးသည့်အတွက် ရေလေလွင့်ဆုံးရှုံးမှုမှာ သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းသာ ရှိကြောင်း၊ အင်္ဂလန်နိုင်ငံ၌ပင် ရေလေလွင့်ဆုံးရှုံးမှု ရာခိုင်နှုန်း ၅၀ ရှိကြောင်းနှင့် အိန္ဒိယနိုင်ငံ၌လည်း ထိုနည်းတူပင်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့တွင် ပေးဝေနေသော ရေလေလွင့်ဆုံးရှုံးမှုမှာ ရာခိုင်နှုန်း ၆၀ အထိ ရှိနေခြင်းကြောင့် ယင်းကိစ္စကို မြန်မြန်ဆန်ဆန် ပြုပြင်ပေးစေလိုကြောင်း၊ ထိုသို့မဟုတ်ပါက ရေမရရှိသူများအတွက် နှမြောစရာ ကောင်းလှကြောင်း Dr. KATSUYUKI KUMANO ကဆက်လက် ပြောကြားသည်။
“ဂျပန်မှာတော့ နည်းပညာတစ်ခုတော့ မဟုတ်ဘူး။ ရေမီတာက ဈေးကြီးတဲ့အတွက် ရေလေလွင့်ဆုံးရှုံးမှုက သုံးရာခိုင်နှုန်း လေးရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အင်္ဂလန်မှာတောင် ၅၀ ရာခိုင်နှုန်း ရှိတယ်။ အိန္ဒိယမှာလည်း ထိုနည်းအတိုင်းပဲ။ ဒီမှာကတော့ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်တယ်။ ဒါကို မြန်မြန်ဆန်ဆန်လေး လုပ်စေချင်တယ်။ နို့မို့ဆိုရင် ရေမရတဲ့သူတွေအတွက် နှမြောဖို့ကောင်းတယ်။ အချို့နေရာတွေမှာ ရေပိုက်ပေါက်တာတွေ၊ အချို့နေရာတွေက ထိခိုက်မှုတွေရှိပြီးတော့ တာဝန်ယူမပြင်ကြဘူး။ အဲဒါကြောင့် အလေအလွင့် ဖြစ်နေတာ” ဟု Dr. KATSUYUKI KUMANO ကပြောကြားသည်။
အကြမ်းဖျင်းအားဖြင့် အာရှနိုင်ငံများတွင် ရေလေလွင့် ဆုံးရှုံးမှုရာခိုင်နှုန်း ၃၀ ရှိနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
လက်ရှိရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တစ်နေ့ရေဂါလန် ၂၀၅ သန်း ပေးဝေနေပြီး ရေပိုက်ပေါက်ခြင်း၊ ယိုစိမ့်ခြင်း စသည်တို့ကြောင့် ရေလေလွင့် ဆုံးရှုံးမှုများရှိနေရာ အဆိုပါအခြေအနေများကို တတ်နိုင်သမျှ ထိန်းသိမ်းလျက် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကဆိုသည်။
ရန်ကုန်မြို့အား တစ်နေ့ရေဂါလန် ၂၀၅ သန်းပေးဝေမှုမှာ ရန်ကုန်မြို့တစ်ခုလုံးအတွက် လုံလောက်မှု မရှိသေးဘဲ လှိုင်သာယာ၊ ရွှေပြည်သာ စသည့်မြို့သစ်များတွင် စည်ပင်ရေ လုံးဝမရရှိသည့် နေရာများပင်ရှိကြောင်း သိရသည်။ သို့ဖြစ်ရာ ရန်ကုန်မြို့တော် ရေဖူလုံစွာ ပေးဝေနိုင်ရန်အတွက် ရေပေးဝေရေး စီမံကိန်းအသစ်များ ဖော်ဆောင်နေကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့တွင် အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက သွယ်တန်းထားခဲ့သော ရေပိုက်လိုင်းများတွင် ပိတ်ဆို့ကပ်ငြိနေသော သံချေးများစွာ ရှိနေသဖြင့် ယင်းတို့ကို ဖယ်ရှားသည့် ကိရိယာကို မင်္ဂလာတောင်ညွန့်မြို့နယ် မန္တလေးလမ်းရှိ လေးလက်မ ရေပိုက်လိုင်းတွင် စတင်စမ်းသပ် တပ်ဆင်မှုကို Japan System Planning Co.Ltd (JSP) အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ဒီဇင်ဘာ ကူညီတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent