ကျန်းမာရေး အာမခံထားခွင့်ရှိသူများ အခြေခံ အကာအကွယ်ကို နှစ်ယူနှစ်မှ ၁၀ ယူနစ်အထိ ဝယ်ယူနိုင်သည့် အသွင်သစ် ၂၀၁၇ ခုနှစ်အစပိုင်းတွင် စတင်မည်

ကျန်းမာရေး အာမခံထားခွင့်ရှိသူများ အခြေခံ အကာအကွယ်ကို နှစ်ယူနှစ်မှ ၁၀ ယူနစ်အထိ ဝယ်ယူနိုင်သည့် အသွင်သစ် ၂၀၁၇ ခုနှစ်အစပိုင်းတွင် စတင်မည်
Published 25 December 2016
ငြိမ်းငြိမ်းသူ၊ အေးမို့မို့ဇော်

ကျန်းမာရေး အာမခံစနစ်တွင် ကျန်းမာရေးအာမခံ ထားခွင့်ရှိသူများအနေဖြင့် အခြေခံအာမခံ အကာအကွယ် (ရောဂါကြောင့် ဆေးရုံတက်ခြင်း၊ မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း၊ မတော်တဆ ထိခိုက်သေဆုံးခြင်း) ကို နှစ်ယူနစ်မှ ၁၀ ယူနစ်အထိ ဝယ်ယူနိုင်သည့် အသွင်သစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
လက်ရှိတွင် ကျန်းမာရေး အာမခံပရီမီယံကြေးသည် တစ်ယူနှစ်လျှင် ကျပ်ငါးသောင်းဖြစ်ပြီး လူတစ်ဦးလျှင် ငါးယူနစ်အထိ ဝယ်ယူနိုင်ပြီး ၎င်းအတွက် အကျုံးဝင်မည့် ကာလမှာ တစ်နှစ်ဖြစ်ကြောင်း၊ အဆိုပါ တစ်နှစ်အတွင်း၌ ကျန်းမာရေး အာမခံဝယ်ယူထားသူ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဖျားနာခြင်းတို့ကြောင့် ဆေးရုံတက်ရပါက ယူနစ်တစ်စောင်စာအတွက် တစ်ရက်လျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ဝယ်ယူထားသည့် အာမခံကုမ္ပဏီများက ပြန်လည် လျော်ကြေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ယခုအသွင်သစ်ဖြင့် ရောင်းချမည့်စနစ်တွင် ပရီမီယံနှုန်းထားများကို အသက်အုပ်စုအလိုက် ခွဲခြားသတ်မှတ်ထားပြီး အသက်ခြောက်နှစ်မှ ၆၅ နှစ်အထိ ကျန်းမာရေး အာမခံထားရှိနိုင်ကြောင်း၊ အာမခံထားခွင့် ရှိသူများမှာ မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်း ခေတ္တ နေထိုင်ခွင့်ရှိသူ နိုင်ငံခြားသားများ အာမခံထားရှိခွင့် ရရှိမည်ဖြစ်ကြောင်း၊ အခြေခံအာမခံ အကာအကွယ် နှင့်အတူ ရွေးချယ်နိုင်သော အာမခံ အကာအကွယ် သုံးမျိုးကိုလည်း တွဲဖက်ဝယ်ယူနိုင်ကြောင်း သိရသည်။
“အရင်စနစ်တုန်းက ပေါ်လစီတစ်စောင်ကို ငါးသောင်းနဲ့ရောင်းတယ်။ အဲဒီတုန်းက ခံစားခွင့်က ဆေးရုံတက်ရင် ရက်ပေါင်း ၃၀ ဆေးရုံတက်ပိုင်ခွင့် ရှိတယ်။ ဆေးရုံတက်လို့ ၇၀၀၀ ကုန်လည်း တစ်သောင်းခွဲပေးတာပဲ။ တကယ်လို့ ဆေးရုံတက်လို့ တစ်ရက်ကို တစ်သိန်းခွဲကုန်လည်း တစ်သောင်းခွဲပဲ။ သေဆုံးသွားခဲ့လို့ ၁၀ သိန်း ပေးလျော်တဲ့ အခါကျတော့ ဆေးရုံတက်ပြီးမှ သေဆုံးသွားခဲ့ရင် ဆေးရုံတက်တဲ့ စရိတ်ကို ပြန်နုတ်ပြီးတော့မှ ပေးတယ်။ အဲဒီလိုပေးတဲ့ အခါကျတော့ စိတ်ပါဝင်စားမှုက အားနည်းတာပေါ့။ ခု New Version ကျတော့ သူကအသက် ခြောက်နှစ်ကနေ ၆၅ နှစ်အထိ ဝယ်ယူနိုင်တယ်။ သို့သော် ဘာတွေ ထူးခြားလာလဲဆိုတော့ အခြေခံအကာအကွယ် ဆိုတာရှိတယ်။ ဒါကတော့ ဆေးရုံတက်တဲ့ အချိန်အခါမှာ ရက်ပေါင်း ၃၀ ကနေ ရက်ပေါင်း ၆၀ တိုးသွားမယ်။ တိုးသွားပြီးရင် အခြေခံအကာအကွယ်က နှစ်ယူနစ်ကနေစပြီး နှစ်ယူနစ်၊ သုံးယူနစ်စသဖြင့် ၁၀ ယူနစ်အထိ ဝယ်ယူနိုင်တယ်။ သူကတော့ ရက်ပေါင်း ၆၀ ဆေးရုံ တက်ပိုင်ခွင့်ရှိတယ်။ တစ်ရက်ကို နှစ်သောင်းနှုန်းနဲ့ဆိုတော့ ရက်ပေါင်း ၆၀ ဆိုတော့ ရှင်းရှင်းပြောရရင် ၁၂ သိန်းပေါ့။ အရင်တုန်းကဆို ဆေးရုံတက်တာဆိုရင် လေးသိန်းခွဲပဲရတယ်။ ခု ၁၂ သိန်းရတယ်။ အဲဒီကွာချက်လေးတွေပေါ့။ ဒီ New Version ကိုတော့ ၂၀၁၇ ခုနှစ် ၁ လပိုင်းမှာ စတင်ဆောင်ရွက်သွားမယ်” ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
အခြေခံ ပရီမီယံနှုန်းထားမှာ လူတစ်ဦးချင်း တစ်နှစ်သက်တမ်း ထားရှိမည်ဆိုပါက ပရီမီယံကြေး ကျပ် ၄၄၀၀၀ ဖြစ်ပြီး အမြင့်ဆုံးပရီမီယံမှာ သတ်မှတ်အလိုက် ကျပ် ၆၆၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး ကျန်းမာရေးအာမခံ ထားရှိခြင်းအတွက် ရရှိမည့် အကျိုးခံစားခွင့်များအနက် ဆေးရုံတက် ကုသစရိတ်အဖြစ် တစ်ရက်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ရက်ပေါင်း ၆၀ အထိ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကာ မတော်တဆ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ပါက ကျပ်သိန်း ၂၀ အထိ ပေးအပ်မည်ဖြစ်ကြောင်းနှင့် New Version ၏ထူးခြားချက်အဖြစ် ဆေးကုသစဉ်က ခံစားထားသည့် အကျိုးခံစားခွင့်များအပေါ် ခုနှိမ်ခြင်းမရှိဘဲ အပြည့်အ၀ ခံစားခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး အာမခံစနစ်ကို မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် ပုဂ္ဂလိကကုမ္ပဏီ စုစုပေါင်း ၁၂ ခုဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်က စတင်ခဲ့ပြီး လက်ရှိအချိန်ထိ ကျန်းမာရေး အာမခံထားရှိသူ နှစ်သောင်းကျော်သာ ထားရှိကြောင်း သိရသည်။ 

Most Read

Most Recent