ပန်းချီမင်းဝေအောင်နှင့် တွေ့ဆုံခြင်း

ပန်းချီမင်းဝေအောင်နှင့် တွေ့ဆုံခြင်း
Published 25 December 2016
ပြည့်စုံနေဝင်း

ယခုနှစ်အတွင်းတွင် ပန်းချီမင်းဝေအောင်၏ New Treasure Gallery သည် ပန်းချီပြပွဲများ ပြုလုပ်ခြင်းသာမက ပန်းချီဆိုင်ရာ လှုပ်ရှားမှုများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ New Treasure Gallery ၏ ခေါင်းစဉ်အောက်တွင် ပန်းချီမင်းဝေအောင် ဦးဆောင်သည့် ပန်းချီဆရာများအဖွဲ့သည် ပန်းချီဆရာကြီးဦးသုခ ဖောင်ဒေးရှင်း၊ နိုင်ငံတကာ ရေဆေးပန်းချီအသင်း (မြန်မာ)၊ ဘူဆန်အနုပညာ ယဉ်ကျေးမှုအသင်း အစရှိသည့် အသင်းအဖွဲ့လှုပ်ရှားမှုများစွာကို ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ပြည်ပပန်းချီပြပွဲများသို့ မြန်မာပန်းချီဆရာများ သွားရောက်ပြသခြင်း၊ နိုင်ငံတကာမှ ပန်းချီဆရာများကို ဖိတ်ခေါ်ကာ New Treasure Gallery တွင် မြန်မာပန်းချီဆရာများနှင့် ပူးတွဲပန်းချီပြပွဲများကိုလည်း ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ပန်းချီမင်းဝေအောင်နှင့်တွေ့ဆုံကာ လာမည့် ၂၀၁၇ ခုနှစ်တွင် ဆက်လက် ပြုလုပ်သွားမည့် အစီအစဉ်များ၊ ရည်ရွယ်ချက်များ စသည်တို့ကို မေးမြန်း ဖြစ်ခဲ့ပါသည်။
 
မေး     ■          ဒီနှစ်ထဲမှာ ဆရာက ပန်းချီဆရာတစ်ယောက်အနေနဲ့ ပန်းချီရေးဆွဲတာ၊ ပန်းချီပြပွဲပြုလုပ်တာတွေ အပြင် ပန်းချီလောကဖွံ့ဖြိုးစေဖို့ အာရုံစိုက်လုပ်ဆောင် လာတာတွေ တွေ့ရပါတယ်။ အဲဒီလို လုပ်ဆောင်ဖြစ်ခဲ့ တဲ့ ဆရာ့ရဲ့ရည်ရွယ်ချက်ကို သိလိုပါတယ်။
ဖြေ      ■          ပထမဆုံးရည်ရွယ်ချက်ကတော့ ကိုယ့် မြန်မာ့ပန်းချီလောက ဒီထက်ပိုပြီး ကျယ်ပြန့်လာစေဖို့ပေါ့။ နိုင်ငံတကာက ပန်းချီအနုပညာရှင်တွေနဲ့ချိတ်ဆက်ပြီး ပြပွဲတွေလုပ်တယ်။ မြန်မာပန်းချီဆရာတွေရဲ့ လက်ရာ တွေစုစည်းပြီး ပြည်ပနိုင်ငံတွေမှာ သွားပြတယ်။ အဲဒီလိုလုပ်ဖြစ်တော့ အသိအမြင်တွေ ပိုကျယ်ပြန့်လာတယ်။ ချိတ်ဆက်ဆောင်ရွက်မှုတွေ အားကောင်းလာစေပါတယ်။
 
မေး     ■        ပထမဆုံးအနေနဲ့ နိုင်ငံတကာ ရေဆေးပန်းချီ အသင်းရဲ့အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်လိုက်တဲ့အပေါ် ဒီနှစ်အတွင်းမှာ ဘယ်လိုအကျိုးတွေရလိုက်တယ်လို့ မြင်သလဲရှင့်။
ဖြေ      ■        နိုင်ငံတကာရေဆေးပန်းချီအဖွဲ့ (International Watercolor Society)က ကမ္ဘာပေါ်မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၈၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုပါ။ ကျွန်တော်တို့ဆီမှာ ရေဆေးပန်းချီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီလိုအဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မယ်ဆိုရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ IWS  ကလည်း အဖွဲ့ဝင်ဖို့ ဖိတ်ခေါ်တဲ့အတွက် ဒီနှစ်၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာတင်ကို  ပြည်ပနိုင်ငံ တော်တော်များများမှာ မြန်မာပန်းချီဆရာတွေရဲ့လက်ရာတွေကို မိတ်ဆက်ပြသနိုင်ခဲ့ပါတယ်။ အကျိုးအနေနဲ့ဆိုရင် အခုလို ကိုယ့်အနုပညာကို ပြသခွင့်ရသလို သူတို့ရဲ့လက်ရာတွေ၊ ဖန်တီးမှုတွေကိုလည်း အနီးကပ်လေ့လာခွင့်ရတယ်။ ဒီနှစ်ထဲမှာ သူတို့ကိုလည်း ဖိတ်ကြားပြီး ရေဆေးပွဲတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
 
မေး     ■        တစ်ဆက်တည်းမှာပဲ ဒီနှစ်ထဲမှာ မြန်မာပန်းချီဆရာတွေရဲ့ရေဆေးလှုပ်ရှားမှုတွေလည်း တော်တော်များများ ရှိခဲ့တယ်နော် ဆရာ။
ဖြေ      ■        ဟုတ်ပါတယ်။ ဒီနှစ်ထဲမှာ ပန်းချီဆရာတွေလည်း ရေဆေးပန်းချီကို တော်တော် စိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ကျွန်တော်တို့  IWS Myanmar အနေနဲ့လည်း ဒီအရှိန်အဟုန်နဲ့အတူ လာမယ့် ၂၀၁၇ ခုနှစ်မှာလည်း ရေဆေးလှုပ်ရှားမှုတွေကို ပြည်တွင်း၊ ပြည်ပ ဆက်တိုက်ပြုလုပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။
 
မေး     ■        နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ တောင်ကိုရီးယား ဘူဆန်အနုပညာနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ်နဲ့ MoU ရေးထိုးဖြစ်ခဲ့တဲ့ အကြောင်းလေးလည်း ပြောပြပေးပါ။
ဖြေ      ■        ဘူဆန်အနုပညာနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ်နဲ့က ၂၀၁၅ ဒီဇင်ဘာမှာ MoU ရေးထိုးခဲ့တယ်။ အဓိက,က ဘူဆန်အနုပညာနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် နှစ်စဉ်ပြုလုပ်တဲ့ အနုပညာပွဲတော်တွေမှာ ဒီကအနုပညာရှင်တွေကို ဖိတ်ကြားပါဝင်စေမယ်။ အပြန်အလှန် အနုပညာလှုပ်ရှားမှုတွေ လုပ်ကြမယ်ပေါ့။  ဘူဆန်အနုပညာနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် နဲ့ ပူးပေါင်းမှုက ပန်းချီအနုပညာတစ်ခုတည်းသာကမ ဂီတ၊ စာပေ၊ ရုပ်ရှင်အားလုံး ပါဝင်ပါတယ်။ ဒီနှစ်ထဲမှာ အဲဒီအစီအစဉ်အတိုင်း ဘူဆန်နဲ့ ရန်ကုန်မှာ ပန်းချီပြပွဲတွေ လုပ်နိုင်ခဲ့တယ်။ ဒီဇိုင်းအနုပညာပြပွဲကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
 
မေး     ■        ဒီနှစ်ထဲမှာ ဆရာ့တစ်ကိုယ်တော်အနေနဲ့ ပြည်ပမှာ ဘယ်နှပွဲ ပြုလုပ်နိုင်ခဲ့သလဲရှင့်။
ဖြေ      ■        တစ်ကိုယ်တော်အနေနဲ့ဆိုရင် ဒီနှစ်ထဲမှာ နှစ်ပွဲလုပ်နိုင်ခဲ့ပါတယ်။ ဧပြီလထဲမှာ တောင်ကိုရီးယား ဆိုးလ်မြို့မှာ တစ်ပွဲနဲ့ ပြီးခဲ့တဲ့လထဲမှာ လန်ဒန်မှာ တစ်ပွဲလုပ်နိုင်ခဲ့ပါတယ်။ လာမယ့်နှစ်ထဲမှာလည်း ပြည်ပမှာ တစ်ကိုယ်တော်ပြပွဲ လုပ်ဖို့ရှိပြီး အဲဒီပွဲမှာ ပုံစံအသစ်ပြနိုင်ဖို့ ကြိုးစားနေပါတယ်။
 
မေး     ■        နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး နောက်ထပ် ဘယ်လို လှုပ်ရှားမှုလုပ်သွားဖို့ အစီအစဉ်တွေ စီစဉ်ထားပါသလဲ။
ဖြေ      ■        လတ်တလောအစီအစဉ်တွေထဲမှာ ၂၀၁၇ ခုနှစ်ထဲမှာ IWS နဲ့ချိတ်ဆက်ပြီး ရေဆေးပြပွဲတွေ ဖိတ်ခေါ်ထားတဲ့နိုင်ငံတွေမှာ ပါဝင်ပြသသွားဖို့တွေရှိတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ ကိုယ့်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီးIWS အတွက် နိုင်ငံပေါင်းစုံပါဝင်တဲ့ ရေဆေးပန်းချီပြပွဲကြီးကို လက်ခံပြုလုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။

Most Read

Most Recent