ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်နေအိမ်တစ်အိမ်မှ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်နေအိမ်တစ်အိမ်မှ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
Published 25 December 2016

ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်နေ အိမ်တစ်အိမ်မှ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် မြောက်ပိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးထံမှ သိရသည်။
ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် သံဒင်းစက်မှုပတ်လမ်းတွင် အမျိုးသားတစ်ဦးအား မသင်္ကာသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက စစ်ဆေးရာ ၎င်းထံမှ ဘိန်းဖြူမှုန့် ထည့်ထားသည့် ပင်နီဆလင်ပုလင်း နှစ်လုံးအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆက်လက်စစ်ဆေးရာ အဆိုပါ ဘိန်းဖြူမှုန့်များ ဝယ်လာသည့်နေအိမ်မှာ ရွှေပြည်သာမြို့နယ် သံဒင်းစက်မှုပတ်လမ်းရှိ ကျူးကျော်နေအိမ်တစ်အိမ်မှ ဝယ်ယူလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် အမျိုးသား ဝယ်ယူလာသည့် နေအိမ်အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ဖမ်းဆီးရာ ယင်းနေအိမ်တွင် ဦး... အား တွေ့ရှိခဲ့ပြီး WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၆၀၀ နှင့် ဘိန်းညိုမှုန့်ဟု ယူဆရသည့် ဆပ်ပြာခွက် ၁၅ ခွက်၊ ဘိန်းဖြူဟု ယူဆရသည့် အမှုန့်များ ထည့်ထားသည့် ပင်နီဆလင်ပုလင်း ခုနစ်လုံးနှင့် ICE ဟု ယူဆရသည့် အခဲများ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“လမ်းထဲမှာ မသင်္ကာလို့ အမျိုးသားတစ်ဦးကို ခေါ်ယူစစ်ဆေးတဲ့ အချိန်မှာ မူးယစ်ဆေးဝါးတွေ တွေ့တယ်။ အဲဒီဟာတွေ ဘယ်ကရတာလဲဆိုတာ စစ်ဆေးတော့ ကျူးကျော်နေအိမ်တစ်အိမ်ကနေ ရလာတာလို့ သိရတယ်။ ကျူးကျော်နေအိမ်က သူနဲ့ မူးယစ်ဆေးဝါး စတွေ့တဲ့သူနှစ်ဦးကို ဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ကျူးကျော်နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဦး.... အား ရွှေပြည်သာမြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)တို့ဖြင့် အမှုဖွင့်ထားပြီး ဘိန်းဖြူမှုန့် ထည့်ထားသည့် ပင်နီဆလင်ပုလင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့သည့် အမျိုးသားအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။