ရန်ကုန်မြို့ရှိ ဟောင်းနွမ်း ရေပိုက်လိုင်းများ၌ ပိတ်ဆို့နေသော သံချေးများကို ဖယ်ရှားသန့်စင်သည့် စနစ် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပထမဆုံး စတင် စမ်းသပ်

ရန်ကုန်မြို့ရှိ ဟောင်းနွမ်း ရေပိုက်လိုင်းများ၌ ပိတ်ဆို့နေသော သံချေးများကို ဖယ်ရှားသန့်စင်သည့် စနစ် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပထမဆုံး စတင် စမ်းသပ်
သံချေးများကို ဖယ်ရှားသန့်စင်သည့် စနစ် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စတင် စမ်းသပ်နေစဉ်
သံချေးများကို ဖယ်ရှားသန့်စင်သည့် စနစ် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စတင် စမ်းသပ်နေစဉ်
Published 23 December 2016
ကျော်ထင်

အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက သွယ်တန်းခဲ့သော ရန်ကုန်မြို့ရှိ ဟောင်းနွမ်းနေသည့် ရေပိုက်လိုင်းများ၌ ကပ်ငြိပိတ်ဆို့နေသော  သံချေးများကို လူအင်အား မလိုဘဲ ကိရိယာတပ်ဆင်၍ ဖယ်ရှားသည့်စနစ်ကို မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပထမဆုံးအနေဖြင့် ဒီဇင်ဘာ ၂၃ ရက်က စတင် စမ်းသပ်ခဲ့သည်။
အဆိုပါ ကိရိယာကို ဂျပန်နိုင်ငံမှ JSP (Japan System Planning Co.,Ltd) မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအား ပထမဆုံး စမ်းသပ်သည့်အနေဖြင့် ကူညီ တပ်ဆင်ပေးခြင်းဖြစ်ပြီး မင်္ဂလာတောင်ညွန့် မြို့နယ် မန္တလေးလမ်း (ဒေါ်သိန်းတင်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား) ရှိ လေးလက်မအရွယ် ပိုက်တွင် စမ်းသပ် တင်ဆင်ခဲ့ခြင်း ဖြစ်ကာ တန်ဖိုး ဒေါ်လာ ၄၅၀၀၀ ရှိကြောင်း သိရသည်။
ယင်းစနစ်သည် ရန်ကုန်မြို့ရှိ ရေပိုက်လိုင်းများတွင် ကပ်ငြိနေသော သံချေးများကို ရေပိုက်လိုင်းအား ဖောက်စရာမလိုဘဲ သုံးပေ ပတ်လည်ခန့် ပိုက်လိုင်းအားတူးကာ  လူအင်အား မလိုကြောင်း၊ ပိုက်တွင် ကိရိယာစွပ်လိုက်ခြင်းအားဖြင့် ရေပိုက်တွင် လိုင်းတွင်ကပ်ငြိနေသော သံချေးများ၊ ရေထဲတွင် ပါဝင်သည့် သံချေးအမှုန်အမွှားများကို ဖယ်ရှားလိုက်ခြင်းကြောင့် ရေသန့်ရှင်းသွားမည်ဖြစ်ကြောင်း အဆိုပါကိရိယာများ ထုတ်လုပ်တပ်ဆင်ပေးခဲ့သည့် JSP (Japan System Planning Co.,Ltd) မှ ဥက္ကဋ္ဌ  Dr. KATSUY UKI KUMANO က ပြောကြားသည်။
“ဒီကိရိယာတပ်ခြင်းအားဖြင့် ရေပိုက်ရဲ့ကြံ့ခိုင်မှုပိုလာပြီး ရေထဲမှာရှိတဲ့ အန္တရာယ်ပေးတဲ့ ဓာတ်တွေလည်း လျော့နည်းသွားမယ်။ ဒီကိရိယာက အာမခံက ၁၀ နှစ်ပေးတယ်။ တကယ်သုံးရင် နှစ် ၇၀ အထိ သုံးလို့ရတယ်။ ပိုက်လိုင်းပေါ်မူတည်ပြီး ကိရိယာက အရွယ်အစား အမျိုးမျိုးရှိတယ်။ ကိရိယာတန်ဖိုးက အနည်းဆုံး ဒေါ်လာ ၃၀၀၀ ကနေ  အများဆုံး ဒေါ်လာတစ်သန်းလောက် ရှိပါတယ်။ ဂျပန်နည်းပညာနဲ့ ဂျပန်မှာပဲ ထုတ်တာပါ။ ဗီယက်နမ်မှာတော့ လက်ရှိ   JICA Project နဲ့ အဲဒါတွေ တပ်နေတယ်။ ဗြိတိန်က နာမည်ကြီးနေ ရာတွေမှာလည်း ဒီဟာကို တပ်ဆင်အသုံးပြုနေပါတယ်။ အခုဒီမှာသုံးရင် အကျိုးရှိမယ် မရှိဘူးဆိုတာကို ကျွန်တော်တို့ စမ်းသပ် တပ်ဆင်ပေးတာပါ” ဟု ၎င်းက ပြောကြားသည်။
အဆိုပါကိရိယာတစ်ခု တပ်ဆင်ပါက ရေစီးဆင်းမှုနှုန်းအပေါ် မူတည်၍ ရေပိုက်လိုင်း၏ တစ်မိုင်ခွဲအထိ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း၊ ယခုကိရိယာကို တပ်ဆင်မှု မပြုလုပ်ရသေးမီ မန္တလေးလမ်း (ဒေါ်သိန်းတင်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား) ရှိ ရေပိုက်လိုင်းမှ ရေနမူနာကို ရယူခဲ့ကာ ကိရိယာတပ်ဆင်ပြီး သုံးလမှလေးလခန့်ကြာမြင့်ပါက ပိုက်လိုင်းတွင် သံချေးမည်မျှ လျော့နည်းသွားသည်ဆိုသည်ကို ပြန်လည်ဓာတ်ခွဲ အဖြေရှာမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဓာတ်ခွဲအဖြေရှာပြီး ရေပိုက်လိုင်းများတွင် သံချေးများ လျော့နည်းသွားပါက ရန်ကုန်မြို့သို့ ရေပေးဝေနေသည့် အခြား ရေပိုက်လိုင်းများတွင် ဆက်လက် အသုံးပြု သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လာလောဆယ်မှာတော့ ရန်ကုန်မြို့ က ရေပိုက်လိုင်းတွေမှာ သံချေးတွေကို ရိုးရိုး  Manual နဲ့ပဲ ပိုက်တွေဆေးတယ်။ အခုသူတို့ လုပ်ပေးတာတော့ သူတို့နည်းပညာနဲ့ ရေ ထဲကသံချေးတွေကို ဆွဲယူတယ်။ တို့တွေလို တူးဆွပြီး သံချေးဆေးတာထက် စာရင်တော့ အချိန်ကုန်သက်သာတာပေါ့။  ဒီကရလာတဲ့ အဖြေကို ကြည့်ပြီး လူကြီးတွေဆီကို ပြန်တင်ပေးရမှာပေါ့။ ရလာတဲ့အဖြေက အဆင်ပြေရင် ဆက်သုံးရမှာပေါ့။ တစ်မြို့လုံး မလုပ်နိုင်တောင်မှ တတ်နိုင်သလောက် Pilot Project  တွေလုပ်ပြီး တပ်မှာပေါ့” ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်မြို့တွင် ရေပိုက်လိုင်း သံချေးတက်သည့် နေရာများသည် ပင်ပမရေလှောင်ကန်များမှ ဆက်သွယ်သည့် ပိုက်လိုင်းအစွန်အဖျား နေရာများဖြစ်ပြီး အများအားဖြင့်  မြို့တွင်း Down Town မြို့နယ်များ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ တာမွေစသည့် မြို့နယ်များတွင် သံချေးတက်မှုအများဆုံးဖြစ်ပြီး အဆိုပါကိရိယာ တပ်ဆင်မည်ဆိုပါက Down Town မြို့နယ်များတွင်  အဓိက တပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent