ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သူ ငါးခူရကျေးရွာမှ ဘင်္ဂါလီတစ်ဦး အသတ်ခံရ

ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သူ ငါးခူရကျေးရွာမှ ဘင်္ဂါလီတစ်ဦး အသတ်ခံရ
Published 23 December 2016
သားရွှေဦး (ကစ္ဆပ)

ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သူ ငါးခူရကျေးရွာမှ ဘင်္ဂါလီ တစ်ဦးသည် ဒီဇင်ဘာ ၂၁ ရက်ညတွင် အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါ သတ်ဖြတ်ခံခဲ့ရသူမှာ ငါးခူရ (အလယ်) ရွာနေ ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး ဒုစ်မာမတ် (ခ) ရှူနာမျာ (ဘ) ဘောဒူဇာမတ် ( ၃၈ နှစ်) ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် ပြည်တွင်း၊ ပြည်ပ မီဒီယာသမားများ အဖွဲ့မှ ငါးခူရကျေးရွာသို့ ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်မှ ၄ နာရီ ၄၅ အထိ ကွင်းဆင်းလေ့လာရန် ရောက်ရှိလာစဉ် ငါးခူရအလယ်ရွာ လမ်းမပေါ်တွင် သတင်းထောက်များ၏ မေးမြန်းချက်များအား ဖြေကြားခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။
“သူက သတင်းထောက်တွေနဲ့ တွေ့တဲ့အခါ စစ်တပ်နဲ့ရဲက မီးရှို့တာမရှိကြောင်း၊ ရွာသားတွေကို မတရားဖမ်းဆီးတာ မရှိကြောင်း အမှန်အတိုင်း ဖြေခဲ့တယ်။ နောက် မီးလောင်တဲ့ နေရာတွေကို လိုက်ပြခဲ့တယ်။ အဲဒီနောက် အိမ်ပြန်ပြီးတော့ အဝတ်လဲ အပြင်ထွက်တာ ပြန်မလာတော့လို့ လိုက်ရှာကြတာ။ ဒီကနေ့မှ လည်ပင်းဖြတ် အသတ်ခံထားရတဲ့အလောင်း တွေ့တာပါ။ သတ်ဖြတ်သူတွေကို ဖော်ထုတ်အရေးယူဖို့ လုပ်ဆောင်နေပါတယ်” ဟု နယ်ခြားစောင့်ရဲတစ်ဦးက ပြောကြားသည်။
အဆိုပါ အသတ်ခံရသူ ဒုစ်မာမတ် (ခ) ရှူနာမျာသည် သတင်းထောက်များနှင့် တွေ့ဆုံအပြီး ညနေ ၆ နာရီတွင် နေအိမ်သို့ ရောက်ရှိလာကာ အဝတ်အစားလဲပြီး ရွာအတွင်းသို့ ပြန်လည်ထွက်ခွာသွားရာ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အထိ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ၎င်း၏အစ်ကိုဖြစ်သူ ဒီလ်မူဟာမတ်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်က ငါးခူရ နယ်မြေစခန်းသို့ ဆက်လက် အကြောင်းကြားလာသဖြင့် လူပျောက်ကြော်ငြာ အမှတ်စဉ် ၂/၂၀၁၆ အရ အမှုဖွင့်ထားခဲ့ကြောင်း နယ်ခြားစောင့် နယ်မြေရဲမှူး ဦးစီးသော နယ်ခြားစောင့်ရဲအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက လိုက်လံစုံစမ်းရာ ငါးခူရကျေးရွာနှင့် ဒိုးတန်းကျေးရွာကြား စံပယ်ပင်ရင်းချောင်းအနီး လယ်ကွင်းတွင် မသင်္ကာဖွယ် သွေးကွက်များ တွေ့ရှိသဖြင့် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းခဲ့ကြောင်း သိရသည်။
၎င်း၏အလောင်းအား ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲက စံပယ်ပင်ရင်းချောင်း အတွင်းမှ ဦးခေါင်းမပါဘဲ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။         
 

Most Read

Most Recent