Eleven Media Group ၏မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ် ခံရမှုနှင့်ပတ်သက်၍ ကိုစိုးမိုးထွန်း၏ လက်ကိုင်ဖုန်းနှစ်လုံးနှင့် အခြားမသင်္ကာဖွယ်ရာ ဖုန်းသုံးလုံးကို နေပြည်တော် CID သို့ပေးပို့စစ်ဆေးမည်

Eleven Media Group ၏မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ် ခံရမှုနှင့်ပတ်သက်၍ ကိုစိုးမိုးထွန်း၏ လက်ကိုင်ဖုန်းနှစ်လုံးနှင့် အခြားမသင်္ကာဖွယ်ရာ ဖုန်းသုံးလုံးကို နေပြည်တော် CID သို့ပေးပို့စစ်ဆေးမည်
Published 22 December 2016
ဌေးလှအောင်၊ ရန်ပိုင်

Eleven Media Group ၏မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အမှုဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ကိုစိုးမိုးထွန်း၏ ကျန်ရစ်ခဲ့သည့် ဖုန်းနှစ်လုံးနှင့် အခြားမသင်္ကာဖွယ်ရာ ဖုန်းသုံးလုံးကို နေပြည်တော် CID သို့ပေးပို့မည်ဖြစ်ပြီး အဆိုပါဖုန်းများအတွင်းမှ အချက်အလက်များကို ထပ်မံဖော်ထုတ်၍ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
Eleven Media Group ၏မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သေဆုံးသူ ကိုစိုးမိုးထွန်း၏ ကျန်ရစ်ခဲ့သည့် လက်ကိုင်ဖုန်း နှစ်လုံးနှင့် မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည့် KTV ဆိုင်မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းတို့၏ လက်ကိုင်ဖုန်းနှစ်လုံးနှင့် အခြားမသင်္ကာဖွယ်ရာ ဖုန်းတစ်လုံးကို နေပြည်တော် CID အမှုစစ်အဖွဲ့သို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါဖုန်းများအတွင်းမှ Delete လုပ်ထားသည့်ဖုန်း Calls များ၊SMS များ၊ Viber SMS များ၊ Facebook SMS များအစရှိသည့် ဖုန်းများအတွင်းမှ Deleting လုပ်မှုများကို ပြန်လည်ဖော်ထုတ်၍ အချက်အလက်များရယူကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။
လက်ရှိအချိန်တွင် Eleven Media Group ၏မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရသည့် အမှုနှင့်ပတ်သက်၍ KTV တစ်ခုမှ ဆိုင်မန်နေဂျာတစ်ဦးနှင့် ဝန်ထမ်းတစ်ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အမှုနှင့်ပတ်သက်သည့် မသင်္ကာသူများကို ထပ်မံဖမ်းဆီးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်လျက်ရှိကြောင်း မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဆွေမြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“ကျွန်တော်တို့ ကိုစိုးမိုးထွန်းရဲ့ ဖုန်းနှစ်လုံးနဲ့ အခြားမသင်္ကာဖွယ်ရာရှိတဲ့ ဖုန်းသုံးလုံးကို နေပြည်တော် CID ဆီကိုပေးပို့ပြီး စစ်ဆေးနိုင်ဖို့ စီစဉ်နေပါတယ်။ ဖုန်းထဲက ဖျက်ပစ်ထားတဲ့ အချက်အလက်တွေကို ပြန်ဖော်ပြီးတော့ စစ်ဆေးမှုတွေလုပ်ပါမယ်။ အမှုက နီးစပ်မှုရှိလာပါပြီ။ ကျွန်တော်တို့ နေ့စဉ်လည်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။ စုံစမ်းရေးအဖွဲ့ကလည်း အပြင်မှာ အချိန်ပြည့် စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အမှုရဲ့နောက်ကွယ်က ကြိုးကိုင်စေခိုင်း ခဲ့သူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ အချက်အလက်တွေ စုနေတယ်။ စုံစမ်းမှုတွေ လုပ်နေပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြဖို့ လိုပါတယ်”ဟု မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားသည်။
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း၏ အမျိုးသမီးဖြစ်သူကလည်း “ကျွန်မတို့က အမှုမှန်ကို အမြန်ဆုံး ပေါ်စေချင်ပါတယ်။ ဒီအမှုကလည်း အခုဆိုရင် တစ်ပတ်ကျော်သွားပြီ။ မြန်မြန်ပေါ်စေချင်ပါတယ်။ ရဲဘက်ကလည်း ဂရုတစိုက်နဲ့ အင်အားအပြည့်ဖြည့်ပြီး လုပ်ပေးစေချင်တယ်။ အမှုက နှောင့်နှေးကြန့်ကြာနေလို့ဆိုရင် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမှာကိုလည်း ကျွန်မကြောက်မိတယ်။ သူ့အတွက် ကျွန်မဘယ်လို့မှ မခံစားနိုင်ဘူး။ ကျွန်မမှာ အရွယ်မရောက်သေးတဲ့ ဥမမယ် စာမမြောက်သေးတဲ့ သားလေး ရှိပါသေးတယ်။ ကျွန်မက သူ့အပေါ်မှာပဲ မှီခိုပြီးရပ်တည်နေရပါတယ်။ ကျွန်မတို့မှာ ဘယ်လိုရှေ့ ခရီးဆက်ရမယ်ဆိုတာ မသိသေးပါဘူး” ဟုဆိုသည်။
Eleven Media Group ၏မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်မှာ ဒီဇင်ဘာ ၁၉ ရက်က တစ်ပတ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို့ပြင် လက်ရှိအချိန်အထိ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အဓိကကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ သံသယဖြစ်ဖွယ်ရာ လူနှစ်ဦးကိုသာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားနိုင်သည့်အပေါ် မုံရွာမြို့ခံ သတင်းထောက်များနှင့် မြို့ခံများကလည်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
Eleven Media Group ၏မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းမှာ ဒီဇင်ဘာ ၁၃ ရက်နံနက် ၀၀ နာရီ မိနစ် ၂၀ အချိန်တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေးတွင် ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာနှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲ ဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆ (ပ) ၁၅၆၄/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိသည်။