လူသတ်မှုအတွက် ဖိလစ်ပိုင်သမ္မတအား စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ တိုက်တွန်း

လူသတ်မှုအတွက် ဖိလစ်ပိုင်သမ္မတအား စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ တိုက်တွန်း
Published 21 December 2016
Ref:AFP

ရာဇဝတ်သားများဟု သံသယရှိသူများအား ကိုယ်တိုင်သတ်ဖြတ်ခဲ့ဖူးကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ကြွားဝါပြောဆိုခဲ့ပြီးနောက် ၎င်းအား လူသတ်မှုများအတွက် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ဒီဇင်ဘာ ၂၀ ရက်တွင် တိုက်တွန်းခဲ့သည်။ ၁၉၈၈ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အကြား ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့တွင် မြို့တော်ဝန်အဖြစ် သက်တမ်းသုံးကြိမ် ထမ်းဆောင်ခဲ့စဉ်အတွင်း ရဲများအား နမူနာပြသရန်အတွက် ကိုယ်တိုင်လူသတ်ခဲ့ဖူးကြောင်း ဒူတာတေးက ပြီးခဲ့သော သီတင်းပတ်တွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။
ဒူတာတေးအား လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးရန် လုပ်ဆောင်ခြင်းဖြင့် ဖိလစ်ပိုင် တရားစီရင်ရေး တာဝန်ရှိသူများသည် တရားဥပဒေစိုးမိုးမှုအား စောင့်ရှောက်ကာကွယ်ကြောင်းနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးမှုမှ ကင်းလွတ်ကြောင်းကို ပြသသင့်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Zeid Ra'ad Al Hussein က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၎င်း၏ဝန်ခံခဲ့မှုအရ မြို့တော်ဝန်အဖြစ် ထမ်းဆောင်စဉ်က မစ္စတာဒူတာတေး ကျူးလွန်ခဲ့သော လူသတ်မှုများသည် လူသတ်မှုဖြစ်ကြောင်း ရှင်းလင်းနေသည်ဟု ယင်းကြေညာချက်က ဆိုခဲ့သည်။
လူသတ်သမားဖြစ်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သူတစ်ဦးအား စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စတင်နိုင်ခြင်းမရှိသည့် မည်သည့်တရားစီရင်ရေး စနစ်မဆို မတွေးဝံ့စရာဖြစ်ကြောင်း Zeid ကပြောကြားခဲ့သည်။
လူမိုက်ဂိုဏ်းတစ်ဂိုဏ်းက ဒေသခံဆယ်ကျော်သက် မိန်းကလေးတစ်ဦးအား ပြန်လွှတ်ပေးပြီး ၎င်း၏မိဘများထံမှ ပြန်ပေးငွေရယူခဲ့ပြီးနောက် ဒါဗာအိုမြို့တော်ဝန်အသစ်ဖြစ်သော ဒူတာတေးနှင့် ရဲတပ်ဖွဲ့ဝင် အများအပြားသည် ပြန်ပေးဆွဲသူများဟု ယူဆရသူများအား ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဒူတာတေးက ပြန်လည်ပြောပြခဲ့သည်။ “ကျွန်တော်ပစ်လိုက်လို့ သူတို့တွေ သေသွားတာ ဖြစ်နိုင်တယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဒါပေမဲ့ (ပစ်ခတ်မှု) အဆုံးမှာတော့ သူတို့တွေ အားလုံးသေသွားတယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။ ဒူတာတေးက မြို့တော်ဝန်အဖြစ် ထမ်းဆောင်စဉ်အတွင်း လူသုံးဦးခန့်အား သတ်ခဲ့ဖူးကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ဘီဘီစီကို ပြောကြားခဲ့သည်။
သမ္မတသည် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့ကြောင်း ဖိလစ်ပိုင်တရားရေးဝန်ကြီး ဗီတယ်လီယန်နိုအဂေးရီက အခိုင်အမာ ပြောကြားခဲ့သည်။ “သံသယရှိခံထားရတဲ့သူတွေက ပြန်ပြီးခုခံရင်း သူ့အနေနဲ့ မတတ်သာလို့ သတ်လိုက်ရတာ ဖြစ်မယ်”ဟု ၎င်းက ပြီးခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့သည်။
သို့သော် ယင်းသတ်ဖြတ်မှုအရ ဖိလစ်ပိုင်သမ္မတသည် အသက်ရှင်သန်ခွင့်နှင့် အပြစ်ရှိကြောင်း သက်သေမပြနိုင်သေးသည့် အချိန်အထိ အပြစ်ကင်းမှု အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေကိုလည်း ချိုးဖောက်ခဲ့ကြောင်း Zeid ကပြောကြားခဲ့သည်။ ဒူတာတေး၏ လူသေဆုံးမှုများသော တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းရေး အစီအစဉ်ကြောင့် အပြစ်ကျူးလွန်သော်လည်း ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေမှုနှင့် အကြမ်းဖက်တိုက်ခိုက်များ ထိတ်လန့်ဖွယ် ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်ကို ပေါ်ပေါက်စေခဲ့ကြောင်း Zeid ကသတိပေးခဲ့သည်။             

Most Read

Most Recent