Electronic Dance Music ဆိုတာက ဒီဘက်ခေတ် လူငယ်တွေကြားမှာ ပျံ့နှံ့စီးဝင်လာတဲ့ ဂီတရေစီးကြောင်းသစ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ နှစ်စကစပြီး နှစ်ကုန်အထိ EDM Festival တွေ များစွာကျင်းပနေသလို ပွဲတိုင်းလိုလိုကိုလည်း မရိုးနိုင်ဘဲ လူငယ်အများအပြားက သွားရောက် ပါဝင်စီးမျောနေဆဲ ဖြစ်ပါတယ်။ဒီလိုဂီတစာမျက်နှာသစ် တစ်ခုလို့ ဆိုနိုင်တဲ့ EDM Music Festival တွေမှာတော့ ကမ္ဘာ့အဆင့်တစ် ဒီဂျေတွေအပါအဝင် နိုင်ငံတကာမှာထင်ရှားတဲ့ ဒီဂျေတွေက Headliners တွေအဖြစ် ပါဝင်နေကြတဲ့အပြင် ပြည်တွင်းက လူငယ်ဒီဂျေများစွာလည်း နေရာရပြီး ဖျော်ဖြေခွင့်ရလာတာကို တွေ့မြင်ရပါတယ်။ ဒီလိုထင်ရှားလာတဲ့ လူငယ်ဒီဂျေတွေထဲက လတ်တလော ပရိသတ်အားပေးမှု များပြားနေတဲ့ ဒီဂျေတစ်ဦးကတော့ DJ Kendrick ဖြစ်ပါတယ်။ ကမ္ဘာ့နံပါတ် (၁) ဒီဂျေတွေနဲ့အတူ တွဲဖက်ဖျော်ဖြေခွင့်ရခဲ့သလို နှစ်သစ်အကြိုပြုလုပ်မယ့် AVA EDM Music Festival မှာလည်း ၂၀၁၆ ကမ္ဘာ့နံပါတ် (၁) ဒီဂျေ Martin Garix နဲ့တွဲဖက်ဖျော်ဖြေဦးမှာပါ။ ဒါကြောင့် လူငယ် ဒီဂျေသမားတစ်ဦးဖြစ်တဲ့ DJ Kendrick နဲ့တွေ့ဆုံပြီး ဒီဂျေသမားတစ်ယောက်အဖြစ် ကြိုးစားဖြစ်ခဲ့ပုံ၊ လက်ရှိဂီတရေစီးကြောင်းအပေါ် အမြင်နဲ့ ဆက်လက်ကြိုးစားသွားမယ့် အနုပညာ ရည်မှန်းချက်တွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။
■ မေး - ဒီဂျေတစ်ယောက်ရဲ့ Career ကို ဘယ်လိုရွေးချယ် ဖြစ်ခဲ့တာလဲ။ ဒီဂျေတစ်ယောက် ဖြစ်လာဖို့ရော ဘာတွေပြင်ဆင်ခဲ့ရလဲ။ဖြေ - ဂီတကိုတော့ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ။ ဒီဂျေတစ်ယောက်အဖြစ် ရပ်တည်မယ်လို့တော့ တစ်ခါမှ မစဉ်းစားခဲ့မိဖူးဘူး။ ဂီတအလုပ်တွေ လုပ်နေရရင်ကို ကျွန်တော်ကျေနပ်နေခဲ့တာ။ ငယ်ငယ်တုန်းက သီချင်းတွေတီးတယ်။ ဆိုဖြစ်တယ်။ ၁၀ တန်းအောင်တဲ့အချိန်မှာ ဒီဂျေနဲ့ပတ်သက်လို့ တစိုက်မတ်မတ် လုပ်ဖြစ်ပါတယ်။ စစချင်းတုန်းကတော့ ဒီဂျေနဲ့ပတ်သက်လို့ သင်တန်းတက်ဖြစ်တယ်။ ဝါသနာပါတဲ့ အခါကျတော့ သင်တန်းပြီးသွားပေမယ့်လည်း ဆက်လေ့လာတယ်။ ဝါသနာအရင်းခံတဲ့ အခါကျတော့လည်း တွန်းအားတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့်လည်း ဆက်လုပ်ဖြစ်သွားတာပါ။
■ မေး - ဒီလိုလေ့လာရာမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေရောရှိခဲ့လား။ဖြေ - အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကတော့ ရှိခဲ့ပါတယ်။ ဘယ်အလုပ်မှာမဆို စစချင်းကတော့ ခက်ခဲတာချည်းပါပဲ။ ဥပမာဆိုရင်တော့ Live Performance မလုပ်ဖူးခင် ပထမဆုံး စတက်ရမယ့်ပွဲမှာ လူကြောက်တဲ့ခံစားချက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းတဲ့ ခံစားချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် နေပြီးတော့ ဒီအလုပ်ကိုလုပ်ရတာ ပျော်တယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အောင် တည်ဆောက်ရင်းနဲ့ ဆက်လုပ်ဖြစ်ခဲ့တာပါ။
■ မေး - ပထမဆုံး တင်ဆက်ခဲ့တဲ့ ပွဲဆိုရင်ရော ဘယ်ပွဲဖြစ်မလဲ။ အဲဒီတုန်းကရှိခဲ့တဲ့ စိုးရိမ်စိတ်တွေကိုရော ဘယ်လိုဖြတ်ကျော်ခဲ့လဲ။ဖြေ - ပထမဆုံးအကြီးဆုံးပွဲကို တီးဖူးတာဆိုရင် Together Music Festival ပါပဲ။ တော်တော်လေး စိတ်လှုပ်ရှားသလို ရင်လည်းခုန်ပါတယ်။ စင်ပေါ်ရောက်မှ ကမောက်ကမတွေ ဖြစ်မှာလည်း စိုးရိမ်တော့ အများကြီးပြင်ဆင်သွားခဲ့ပါတယ်။ ကိုယ့်စိတ်ကိုယ်ပဲ အများကြီး ပြင်ဆင်ခဲ့တာပါ။
■ မေး - ဒီဂျေတစ်ယောက်အနေနဲ့ လေးစားအားကျရတဲ့ အနုပညာရှင်ဆိုရင်ရာ ဘယ်သူတွေဖြစ်မလဲ။ဖြေ - ပြည်တွင်းမှာရော ပြည်ပမှာပါ ကျွန်တော် လေးစားအားကျရတဲ့ အနုပညာရှင်တွေရှိပါတယ်။ ပြည်တွင်းမှာဆိုရင်တော့ ကျွန်တော့်ဆရာလည်းဖြစ်သလို အမြဲပဲအကြံဉာဏ်တွေ ယူနေရသလို သူ့အိမ်ကိုလည်း အမြဲပဲဝင်ထွက်သွားလာဖြစ်နေတဲ့ ကိုမျိုးကျော့မြိုင်ပါပဲ။ ပုဂ္ဂိုလ်ရေးအရလည်း တော်တော်လေးကို ရင်းနှီးမှုရှိပါတယ်။ ကိုမျိုးကျော့တို့ဖွင့်တဲ့ AES သင်တန်းကိုတက်ခဲ့တယ်။ သူ့ရဲ့အဆက်အသွယ်တွေက တစ်ဆင့် ဒီလောကထဲ ရောက်လာတာဖြစ်သလို Electronic Music နဲ့ပတ်သက်တဲ့ ဗဟုသုတတွေလည်း အများကြီးရခဲ့ပါတယ်။ ကျွန်တော် Career တစ်ခုကို တည်ဆောက်တဲ့အခါမှာ ကိုမျိုးကျော့ဆီက ရလာတဲ့ အတွေ့အကြုံတွေ၊ အကြံဉာဏ်တွေက တစ်ဆင့် တည်ဆောက်ယူခဲ့ရတာပါ။
■ မေး - အခုဆိုရင် မောင်လေးတို့ ပြည်တွင်းက ဒီဂျေတွေက ကမ္ဘာ့အဆင့် ဒီဂျေတွေနဲ့ တွဲဖက် ဖျော်ဖြေခွင့်တွေရလာတဲ့အခါ ဘယ်လိုအတွေ့အကြုံကောင်းတွေ ဖြစ်စေလဲ။ဖြေ - အဲဒါကတော့ အတွေ့အကြုံတွေ အများကြီးရပါတယ်။ ကျွန်တော်တို့သုံးတဲ့ နည်းပညာနဲ့ သူတို့သုံးတဲ့ နည်းပညာပိုင်းလည်း မတူဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့နိုင်ငံက အခုမှသာ Electronic Music ကစပြီးပေါ်ထွက်လာတာ။ သူတို့ဆီမှာက ဒါတွေထွက်ပေါ်လာတာကြာပြီ။ သူတို့ပွဲတစ်ပွဲကို ဘယ်လိုစီစဉ်လဲ၊ သူတို့မတင်ဆက်ခင် ဘာတွေပြင်ဆင်လဲဆိုတာတွေကို အများကြီး သင်ယူခွင့်ရပါတယ်။ အဲဒီမှာ အတွေ့အကြုံကောင်းတွေ အများကြီးရစေပါတယ်။
■ မေး - တကယ်တမ်းပွဲအတွက် ပြင်ဆင်ထားတယ်ဆိုပေမယ့် ပွဲကိုရောက်တဲ့အခါ ထင်မှတ်မထားတာတွေလည်း ကြုံရနိုင်တယ်လေ။ အဲဒါတွေအပေါ်ရော ဘယ်လိုဖြေရှင်းဖြစ်လဲ။ဖြေ - ဒါကတော့ မထင်မှတ်ဘဲ ဖြစ်လာရတဲ့ အကြောင်းအရာတွေပေါ့နော်။ ကျွန်တော်ကတော့ ပရိသတ်ကို ဘယ်လိုဆွဲခေါ်မလဲ ဆိုတာမျိုး ပြင်ဆင်လာတယ်။ ဒါပေမဲ့ တကယ်တမ်း ပွဲရောက်တဲ့အခါ ကိုယ်ပေးချင်တဲ့ Message ကိုသူတို့ဆီ မရောက်တာဖြစ်နေတယ်။ တစ်ခါတလေ သူတို့ရဲ့ Mood ကတစ်မျိုးဖြစ်နေတာကိုလည်း ကြုံဖူးတယ်။ ကိုယ်ပေးချင်တဲ့ Message ကတစ်မျိုးပေါ့နော်။ ကျွန်တော် အမြဲတမ်းနားလည်တာက ကျွန်တော်တီးနေတယ် ဆိုပေမယ့် ပရိသတ်နဲ့ အမြဲတိုက်ရိုက် Link ရှိနေတယ်။ သူတို့ဘာဖြစ်နေလဲ၊ ကျွန်တော်ဘာပြောင်းရမလဲ အမြဲစဉ်းစားတယ်။ အဲဒီလိုပြောလို့ မပြင်ဆင်ထားရဘူးလား ဆိုတော့လည်း အမြဲပဲ ပြင်ဆင်ထားရပါတယ်။ ကိုယ်ဖြစ်ချင်တာ မဖြစ်လာရင်လည်း ဘယ်လို Plan B လုပ်မယ်ဆိုတာတော့ အမြဲတွေးထားရပါတယ်။
■ မေး - အခုဒီဘက်ခေတ်မှာ EDM Festival တွေလုပ်တာ အရမ်းများလာတယ်။ အဲဒီအပေါ် ဒီဂျေသမားတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။ဖြေ - အဲဒါက အရမ်းကောင်းပါတယ်။ ဒီဂျေသမားတွေအတွက် ဒီလိုပွဲမျိုးတွေရှိလာတာ အရမ်းကောင်းပါတယ်။ ဒီလိုပွဲမျိုးတွေ တီးခွင့်ရဖို့ဆိုတာက ကျွန်တော်တို့အတွက်တော့ အိပ်မက်ပဲလေ။ အခုတော့ လက်တွေ့တီးခွင့်ရနေပြီပေါ့။ သူတို့အနေနဲ့လည်း ရည်မှန်းချက်တွေ ပိုပြီးနီးစပ်လာတယ်လို့လည်း မြင်ပါတယ်။
■ မေး - နယ်ပယ်တစ်ခုက ကျယ်ပြန့်လာတဲ့အခါ ဒီထက်ပိုတိုးတက်အောင် ဘာတွေလုပ်သင့်တယ်လို့ထင်လဲ။ဖြေ - ကျွန်တော်တို့အခု Local Artist တွေထဲမှာ နိုင်ငံတကာက မျက်စိကျနေတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံက EDM ပွဲတွေ အရမ်းများလာတော့ ရန်ကုန်က Artist တွေက ဘယ်လောက်ထိ လုပ်ပြနိုင်လဲဆိုတာကို နိုင်ငံတကာက Artist တွေကလည်း စိတ်ဝင်စားတယ်။ ဒီအတွက်အခုချိန်က ကျွန်တော်တို့အတွက်တော့ အကောင်းဆုံးအချိန်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့အခုချိန်က ကြိုးစားအားထုတ်သမျှ အရာရောက်မယ့်အချိန်ပေါ့နော်။ ကျွန်တော်တို့ ထပ်ပြီးတိုးတက်ဖို့ကတော့ သီချင်းတွေ များများတီးဖို့လိုတယ်။ ကိုယ်လေးစားတဲ့ သူတွေဆီက လေ့လာပြီး အများကြီး ထပ်ကြိုးစားဖို့လိုပါတယ်။
■ မေး - နယူးရီးယားညမှာလည်း ဖျော်ဖြေဖို့ရှိတယ်လို့ သိရတယ်။ အဲဒီပွဲအတွက်ရော ဘယ်လောက်ပြင်ဆင်ထားလဲ။ဖြေ - အဲဒီပွဲအတွက်တော့ အရမ်းရင်ခုန်ပါတယ်။ အဲဒီနေ့မှာက ၂၀၁၆ ရဲ့ ကမ္ဘာ့နံပါတ် (၁) Martin Garrix ကိုဖိတ်ခေါ်ထားတယ်ဆိုတော့ သူနဲ့စတေ့ချ် တစ်ခုတည်း တင်ဆက်ရမှာ ဖြစ်တဲ့အတွက် အရမ်းရင်ခုန်ပါတယ်။ အဲဒီအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အများကြီးဂုဏ်ယူပါတယ်။ အဲဒီပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားတယ်။ ဘယ်လိုတင်ဆက်မယ် ဆိုတာကတော့ အဲဒီနေ့ကျရင် ပရိသတ်တွေတွေ့ရမှာပါ။ အဲဒီနေ့အတွက်ကို တခြားပွဲတွေနဲ့ မတူအောင် တင်ဆက်သွားမှာပါ။
■ မေး - ပရိသတ်တွေက နေရာတစ်နေရာပေးပြီး အားပေးနေတဲ့အပေါ် ကျေနပ်မှုရှိလား။ဖြေ - ကျေနပ်မှုရှိပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အောင်မြင်တယ်လို့ မသတ်မှတ်ပါဘူး။ ဒီနေရာကို ကျေနပ်တယ်ဆိုပြီးတော့လည်း ကြိုးစားမှုကို ရပ်လိုက်မှာမဟုတ်ပါဘူး။ လက်ရှိကတော့ အများကြီးထပ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ၂၀၁၇ ထဲမှာလည်း Solo Album တစ်ခုထပ်လုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။
■ မေး - နှစ်သစ်မှာ ပရိသတ်အတွက် ဆုတောင်းပေးချင်တာများ ရှိမလား။ဖြေ - နှစ်သစ်မှာ အားလုံးပဲ ပျော်ရွှင်ပါစေပေါ့။ နှစ်ဟောင်းမှာရှိခဲ့တဲ့ ကြိုးစားအားထုတ်မှုတွေက အရာမရောက်သေးဘူးဆိုရင်လည်း ဆက်ပြီးတော့ ကြိုးစားပါလို့။ ကျွန်တော်တို့ Electronic Music သမားတွေကို ပေးချင်တဲ့ Message ကတော့ ဆက်ပြီးကြိုးစားကြပါလို့။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ စတေ့ချ်တစ်ခုတည်းမှာ တွေ့နိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်လို့။ အဲဒီအတွက် စောင့်မျှော်နေပါတယ်လို့ ပြောချင်ပါတယ်။









