အနုပညာနယ်ပယ်အတွင်းတွင် လူငယ်အနုပညာရှင်များစွာက စိတ်ကူးအိပ်မက်သစ်များစွာဖြင့် ထိုးဖောက် ဝင်ရောက်လျက်ရှိပြီး အနုပညာဖန်တီးမှု အရသာအသစ်များကိုလည်း ပရိသတ်များက စိတ်ဝင်စား အားပေးမှုများပြားလျက်ရှိပါသည်။ လတ်တလောတွင် ရဲရင့်အောင်၏ ‘လွမ်းလွန်းလို့’၊ နီနီခင်ဇော်၏ ‘သစ္စာမပျက်ကြေး’ အပါအဝင် အောင်မြင်သည့် တေးသီချင်းများ၏ Music Video များစွာကို ရိုက်ကူးပုံဖော်ထားသူ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးသည် ပထမဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်သည်းဖို ‘ည’ ဇာတ်ကားကိုလည်း ပုံဖော်ထားသူတစ်ဦးဖြစ်သည်။ ၂၀၁၇ နှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့မှ လူငယ်များ၏ နေထိုင်မှုဘဝများအား ပုံဖော်မည့် ‘Yangon In Love’ ဇာတ်ကားကို ရိုက်ကူးမည့်အပြင် ဆရာမဂျူး၏ အောင်မြင်သည့် ဝတ္ထုတစ်ပုဒ်ဖြစ်သည့် ‘လရဲ့အောက်ဘက် မိုင်အဝေးမှာ’ အားပြန်လည်ပုံဖော်မည့် ရုပ်ရှင်ဇာတ်ကားကို နှစ်ကုန်ပိုင်းတွင် ရိုက်ကူးရန် ပြင်ဆင်နေသူ တစ်ဦးဖြစ်သည်။ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးနှင့် တွေ့ဆုံ၍ အနုပညာလုပ်ငန်းအတွင်း လျှောက်လှမ်းခဲ့သည့် အတွေ့အကြုံများ၊ ‘လရဲ့အောက်ဘက် မိုင်အဝေးမှာ’ ဝတ္ထုအား ရိုက်ကူးရန် ပြင်ဆင်နေမှုများကို မေးမြန်းခဲ့ပါသည်။
■ မေး - အနုပညာအလုပ်တွေကို ဘယ်လိုစတင်လုပ်ဖြစ်ခဲ့တာလဲ အရင်ပြောပြပေးပါလား။ဖြေ - ကျွန်တော် အနုပညာအလုပ်တွေ စလုပ်ဖြစ်တာကတော့ ၂၀၁၂ မှာ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာ ပထမဆုံးဇာတ်ကားတို တစ်ကားနဲ့ ဝင်ပြိုင်ဖြစ်တယ်။ ဆန်ခါတင်ထဲ ဝင်ခဲ့ပါတယ်။ အဲဒီမှာဆုမရဘူး။ အတွေ့အကြုံ နည်းနည်းရလာတော့ ဇာတ်ကားတိုထပ်ရိုက်ပြီး ဝဿန်မှာဝင်ပြိုင်ဖြစ်တဲ့အခါ အကောင်းဆုံး ဇာတ်ကားတိုဆုကို ရရှိခဲ့ပါတယ်။ အဲဒီကနေမှ အဆိုတော်တွေက တဖြည်းဖြည်းနဲ့သိလာပြီး Music Video တွေရိုက်ရင်းနဲ့ ဒီလောကထဲ ရောက်လာခဲ့တာပါ။
■ မေး - အမ်တီဗွီတွေ ရိုက်တဲ့အခါ ပရိသတ်တွေကြားထဲမှာ ပေါက်ခဲ့တယ်နော်။ အမ်တီဗွီရိုက်တဲ့အခါ ဘယ်လိုစိတ်ကူးတွေနဲ့ ကြိုတင်ပြင်ဆင်ဖြစ်လဲ။ဖြေ - ကျွန်တော် ပထမဆုံးရိုက်ဖြစ်တာက ရဲရင့်အောင်ရဲ့ လွမ်းလွန်းလို့ဆိုတဲ့ သီချင်းပေါ့။ အဲဒီသီချင်းလေး မထွက်ခင်ကတည်းက အဆိုတော်အသစ်တွေရဲ့ သီချင်းလေးတွေကို အွန်လိုင်းမှာ ရိုက်ပေးဖြစ်တယ်။ Music Video ရိုက်မယ်ဆိုကတည်းက သူများနဲ့မတူချင်ဘူး။ အဲဒါကို အဓိကထားပြီး စဉ်းစားတယ်။ ပုံမှန်သီချင်းနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းတစ်ခုကိုမှ ဘယ်လိုထပ်ကွန့်လို့ရမလဲဆိုတာ အမြဲစဉ်းစားတယ်။ တချို့အပုဒ်တွေဆိုရင် ရိုးရိုးလေးရိုက်မှ အဆင်ပြေတာမျိုးဆို ရိုးရိုးလေးပဲ ရိုက်ဖြစ်တယ်။ ကွန့်လို့ရတဲ့ သီချင်းဆိုလည်း ထူးခြားအောင်လုပ်ဖြစ်တယ်။
■ မေး - Music Video တွေရိုက်နေရင်းနဲ့မှ ‘ည’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကိုရော ဘယ်လိုရိုက်ဖြစ်သွားတာလဲ။ဖြေ - ကျွန်တော်ငယ်ငယ်ကတည်းက ဒါရိုက်တာဖြစ်ချင်တယ်။ အဲဒီကတည်းကလည်း ရုပ်ရှင်ကားကြီး ဒါရိုက်တာပဲ ဖြစ်ချင်ခဲ့တာ။ ကျန်တာတွေကတော့ အခွင့်အရေးရလာလို့ လုပ်ဖြစ်သွားတာ။ ဒါရိုက်တာ အသစ်တစ်ယောက် အနေနဲ့ ဘယ်လိုစဝင်ရမလဲဆိုပြီး ဇာတ်ကားတိုတွေ ရိုက်တယ်။ ကြော်ငြာတို့ သီချင်းတို့ရိုက်ဖြစ်တယ်။ ၂၀၁၄ မှာတော့ ရုပ်ရှင်ကားကြီးအနေနဲ့ ရိုက်ချင်တယ်ဆိုပြီး စဉ်းစားဖြစ်သွားတာ။ ကျွန်တော်လုပ်ချင်တဲ့ပုံစံက သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ချင်တယ်။ သရုပ်ဆောင်အသစ်၊ ဒါရိုက်တာအသစ်ဆိုရင် ဗီဒီယိုရိုက်ဖို့က အဆင်မပြေဘူး။ ပထမဆုံးဇာတ်ကားဆိုပြီး အားထုတ်တဲ့အချိန်မှာ ရလဒ်ချင်းကလည်း မတူနိုင်ဘူးဆိုပြီး ရုပ်ရှင်ကားကြီးပဲ ရိုက်ဖြစ်သွားတာ။ Acting Training လုပ်တာတို့၊ Pre Production လုပ်တာကတော့ တစ်နှစ်လောက်ကြာတယ်။ စရိုက်ဖြစ်တာကျတော့ ၂၀၁၅ ဖေဖော်ဝါရီမှ ရိုက်ဖြစ်တာ။
■ မေး - ‘ည’ ဆိုတဲ့ဇာတ်ကားက ဇာတ်လမ်းပုံစံလည်း ထူးခြားတယ်လို့ သိရတယ်။ အဲဒီဇာတ်လမ်းပုံစံကိုရော ဘာကြောင့်ရွေးဖြစ်တာလဲ။ဖြေ - ဒီဇာတ်ကားရဲ့ ထုတ်လုပ်မှုကိုကျတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ ပေါင်းလုပ်တာ ကျွန်တော့်အနေနဲ့ Thriller Suspense ပုံစံကိုကြိုက်တယ်။ စိတ်ပိုင်းဆိုင်ရာအရ လူတွေတစ်ယောက်နဲ့ တစ်ယောက် ကောက်ကျစ်တာ၊ နောက်ကျောကို ဓားနဲ့ထိုးတာမျိုးကို ပြချင်တာ။ ဈေးကွက်အရ အဆင်ပြေမပြေ မစဉ်းစားဘဲ ရွေးလိုက်တယ်လို့တော့ ပြောလို့ရတယ်။
■ မေး - ဈေးကွက်ကို မစဉ်းစားဘဲ ဖန်တီးခဲ့တာဆိုတော့ စိန်ခေါ်မှုတွေတော့ များခဲ့မှာပေါ့။ဖြေ - ပရိသတ်နည်းနည်းပဲ သိသေးတဲ့ ဒါရိုက်တာတစ်ယောက် အနေနဲ့ ရုပ်ရှင်ကားကြီး စရိုက်တဲ့အချိန်မှာ စွန့်စားမှုတော့ များပါတယ်။ သရုပ်ဆောင်သစ်တွေနဲ့ ရိုက်တဲ့အတွက် ပြောကြတာတွေလည်း ရှိတယ်။ အဓိကတော့ ကိုယ်တိုင်ကိုက တစ်ခုခုလုပ်မယ်ဆိုရင် သူများပြောတာကြောင့်တော့ ပြန်မပြင်ချင်ဘူး။ ဒီလိုပုံစံသွားမယ်ဆိုပြီး လုပ်ထားတဲ့အတွက် အဲဒီအတိုင်းပဲ ဆက်လုပ်ဖြစ်သွားတာပါ။ အနုပညာအလုပ်ဆိုတာက ရင်ထဲနှလုံးသားထဲကအတိုင်း လုပ်တာက အစစ်ဖြစ်မယ်လို့ယူဆလို့ အဲဒီအတိုင်းပဲ လုပ်ဖြစ်သွားတာပါ။ အခက်အခဲတော့ သိပ်အများကြီး မရှိပါဘူး။ အဓိကတော့ အမူအရာပိုင်းဆိုရင် အပြင်မှာဖြစ်နေတဲ့အတိုင်းပဲ လုပ်စေချင်တဲ့အတွက် လေ့ကျင့်ပေးရတယ်။ အဝတ်အစား၊ မိတ်ကပ်၊ ဆံပင်အားလုံးကိုလည်း သူ့အဖွဲ့နဲ့သူ စီစဉ်ထားတယ်။ သရုပ်ဆောင်က လူရောက်လာဖို့ပဲ။ နေရာတွေဆိုရင်လည်း မြန်မာရုပ်ရှင်တွေမှာ မပါဖူးသေးတဲ့ နေရာအသစ်တွေ ပါနိုင်အောင် ကြိုးစားရတယ်။ အချိန်တော့ သေချာပေးထားရပါတယ်။
■ မေး - ဒီဇာတ်ကားကို ဘယ်တော့လောက် ရုံတင်မယ်လို့ စိတ်ကူးထားလဲ။ဖြေ - ဆင်ဆာအမှတ်အရတော့ ၂၀၁၇ အလယ်လောက်မှာ ပြဖို့မှန်းထားတယ်။
■ မေး - ဒုတိယဇာတ်ကားကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။ဖြေ - အခုဒီဇာတ်ကားကတော့ ရန်ကုန်မြို့က လူငယ်တွေရဲ့ဘဝတွေ၊ ပြဿနာတွေကို ရိုက်ပါမယ်။ လူ့သရုပ်ဖော်ပေါ့။ ဘဝသရုပ်ဖော်ပုံစံ မဟုတ်ဘူး။ ရန်ကုန်ကို အဓိကပြချင်တာ။ ရန်ကုန်က လူငယ်တွေရဲ့ အိပ်မက်တွေပေါ့။ သရုပ်ဆောင်သစ်တွေနဲ့ပဲ ထပ်ရွေးထားပြီး Training လုပ်နေတယ်။ ဖေဖော်ဝါရီလောက် ရိုက်ဖြစ်မယ်။
■ မေး - ဆရာမဂျူးရဲ့ လရဲ့အောက်ဘက် မိုင်အဝေးမှာကို ဝယ်ထားတယ်လို့သိရတယ်။ ဒီဝတ္ထုက အရမ်းအောင်မြင်ခဲ့တော့ ရိုက်ကူးဖို့အတွက် ရွေးချယ်ထားတာ တာဝန်မကြီးဘူးလား။ဖြေ - ဆရာမဂျူးက ကျွန်တော်အကြိုက်ဆုံး စာရေးဆရာမတစ်ယောက် ဖြစ်တယ်။ လရဲ့အောက်ဘက် မိုင်အဝေးမှာ ရိုက်မယ်လို့ ကြေညာတဲ့အခါ ဆရာမပရိသတ်တွေက စိုးရိမ်ကြတာလည်းရှိတယ်။ ဒီစာအုပ်က ကျွန်တော်တို့လူငယ်တွေနဲ့ အရမ်းနီးစပ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ကိုယ်တိုင်လည်း ၁၃ နှစ် ၁၄ နှစ်အရွယ်ဆိုတော့ ကိုယ့်ခံစားမှုနဲ့ အရမ်းထပ်တူကျတယ်လို့ ခံစားရတယ်။ ဆယ်ကျော်သက်အရွယ်မှာ မိဘနဲ့ အဆင်မပြေဖြစ်တာတွေလည်း ရှိတတ်တယ်လေ။ ကိုယ်နဲ့ရင်ဘတ်ချင်းနီးတဲ့ ဝတ္ထုဖြစ်လို့ ရွေးဖြစ်သွားတာပါ။ အခုကတည်းကလည်း စပြီးပြင်ဆင်နေပါပြီ။ ၂၀၁၇ အကုန်မှ စရိုက်မှာဆိုပေမယ့် တစ်နှစ်လုံးကို ပြင်ဆင်မှုလုပ်သွားမှာပါ။ သရုပ်ဆောင်ဆိုရင်လည်း တော်တော်ကို ရွေးယူရမှာလေ။ အလွဲအမှားလည်း အဖြစ်မခံနိုင်တဲ့အတွက် တော်တော်လေး ပြင်ဆင်ရပါမယ်။
■ မေး - ဒီဝတ္ထုကိုရိုက်ဖို့အတွက် ဘယ်လောက်အထိ ရည်မှန်းထားလဲ။ဖြေ - အဓိကတော့ ကျွန်တော်ရိုက်သမျှ ဇာတ်ကားတိုင်းက ဈေးကွက်ကို မစဉ်းစားပါဘူး။ ရိုက်ပြချင်တဲ့ ဇာတ်ကားကိုပဲ အကောင်းဆုံးရိုက်ကူးပြတဲ့ သဘောပါ။ မှန်းထားတာကတော့ အကောင်းဆုံး ပြင်ဆင်ပြီးလုပ်မယ်လို့ပဲ မှန်းထားပါတယ်။
■ မေး - ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။ဖြေ - လက်ရှိကတော့ ကျွန်တော့်ကို Music Video တွေနဲ့ပဲတွဲပြီး သိနေကြတယ်ပေါ့နော်။ ကျွန်တော့်ရဲ့ ရုပ်ရှင်ဇာတ်ကားလည်း ရုံတင်တဲ့အချိန်မှာ ကြိုးစားမှုတစ်ခုကို အသိအမှတ်ပြုစေချင်ပါတယ်။









