လူသတ်၍ အလောင်းအား ပီနန်ခွံအိတ်ဖြင့်ထုတ်ကာ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကားမှတ်တိုင်တစ်ခုအနီး စွန့်ပစ်ခဲ့သည့် အမျိုးသားအား ဒီဇင်ဘာ ၂၀ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ယင်းနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် မှုခင်းဆရာဝန်ကြီးအား စစ်ဆေးခဲ့ကြောင်း သိရသည်။ မှုခင်းဆရာဝန်၏ ထွက်ဆိုချက်အချို့မှာ သေဆုံးသူအား ရင်ခွဲစစ်ဆေးချက်အရ ထိုးသွင်းဒဏ်ရာခုနစ်ချက်၊ ပြတ်ရှဒဏ်ရာခုနစ်ချက်နှင့် ပွန်းပဲ့ဖူးရောင် ဒဏ်ရာများ ရရှိကြောင်း သိရသည်။
စစ်ဆေးချက်အရ သေဆုံးရသည့် အကြောင်းအရင်းမှာ ရင်ဘတ်၊ လည်ပင်း၊ လည်ကုပ် (ဇက်) တို့တွင် ရရှိသော ထိုးသွင်းဒဏ်ရာများကြောင့် ရင်ခေါင်းအတွင်းရှိ နှလုံးတွင် ထိုးသွင်းဒဏ်ရာ၊ လည်ကုပ်ဇက်ရိုးတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိကာ ရင်ခေါင်းအတွင်းနှင့် ခန္ဓာကိုယ်ပြင်ပသို့ သွေးထွက်များခြင်းကြောင့် သွေးထွက်လွန် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ကျူးလွန်သူဘက်မှ ရှေ့နေက ပြန်လှန်မေးခွန်းမေးမြန်းမှုကို စစ်ဆေးခဲ့ပြီး ရုံးချိန်းအား ဒီဇင်ဘာ ၂၈ ရက်သို့ ရုံးချိန်းဆိုခဲ့ကြောင်း သိရသည်။
ယင်းအမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် မေ ၁၉ ရက် နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းနှင့် ပျဉ်းမမြိုင်လမ်းထောင့် စုပေါင်းကားမှတ်တိုင် အနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်နှင့် ထမင်းကြော်ဆိုင်တစ်ဆိုင် အကြား၌ အမျိုးသားတစ်ဦး၏ အလောင်းအား ပီနန်အိတ်ဖြင့် ထုတ်ကာလာရောက် စွန့်ပစ်ခဲ့ပြီး သေဆုံးနေသည့် အမျိုးသားမှာ အသက် ၄၀ ကျော်ခန့်ရှိကာ အင်္ကျီမပါရှိဘဲ ပုဆိုးဝတ်လျက် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ အမှုနှင့်ပတ်သက်၍ ကျူးလွန်သူ အောင်သန်း (၂၆ နှစ်) ကို ရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့ပြီး သေဆုံးသူမှာ ၎င်း၏ဆရာဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အတူနေထိုင်ကာ ၎င်းအား ချုပ်ချယ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရာမှ ဓား၊ ကတ်ကြေးတို့ဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကျူးလွန်သူမှာ မိဘများ အပ်နှံမှုဖြင့် သေဆုံးသူထံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ၎င်းအား မိဘနှင့် ဖုန်းဆက်သွယ်ခွင့်မပြုခြင်း၊ မိဘထံပြန်ရန် ခွင့်မပြုခြင်း၊ ပြင်ပသို့ လွတ်လပ်စွာ ထွက်ခွာခွင့်မပြုခြင်း၊ ချုပ်ချယ်ခိုင်းစေခြင်းတို့ ပြုလုပ်ကြောင်း ရဲတပ်ဖွဲ့တွင် ထွက်ဆိုထားသည်။
လူသတ်၍ အလောင်းကို ကားမှတ်တိုင်အနီး စွန့်ပစ်ခဲ့သည့် အမျိုးသား၏အမှု တရားလိုပြသက်သေအဖြစ် မှုခင်းဆရာဝန်အား စစ်ဆေး