ပျောက်ဆုံး မလေးရှားလေယာဉ်သည် လက်ရှိရှာဖွေရေးဇုန်တွင် မရှိကြောင်း အလွန်အမင်းသေချာနေဟု ပညာရှင်များ ပြောကြား

ပျောက်ဆုံး မလေးရှားလေယာဉ်သည် လက်ရှိရှာဖွေရေးဇုန်တွင် မရှိကြောင်း အလွန်အမင်းသေချာနေဟု ပညာရှင်များ ပြောကြား
Published 20 December 2016

မလေးရှားလေကြောင်းလိုင်း၏ ပျောက်ဆုံးနေသော လေကြောင်းခရီးစဉ်အမှတ် MH-370 သည် ဝေးလံသော အိန္ဒိယသမုဒ္ဒရာထဲရှိ လက်ရှိရှာဖွေနေသည့်ဇုန်အတွင်း မရှိကြောင်း အလွန်အမင်းသေချာနေပြီး ယင်းလေယာဉ်သည် ပို၍မြောက်ဘက်စွန်းကျသော နေရာတွင် ရှိနေနိုင်ကြောင်း ဒီဇင်ဘာ ၂၀ ရက်၌ ထုထ်ပြန်ခဲ့သော လေ့လာသုံးသပ်မှုသစ်တစ်ခုအရ သိရသည်။ သို့သော် တာဝန်ရှိသူများက ယင်းရှာဖွေမှုအား တိုးချဲ့ဖွယ်မရှိကြောင်း အရိပ်အယောင်ပြသခဲ့သည်။
၂၀၁၄ ခုနှစ် မတ် ၈ ရက်က လူ ၂၃၉ ဦးလိုက်ပါလျက် ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းလာစဉ် ပျောက်ဆုံးသွားခဲ့သော ယင်းလေယာဉ်အား သြစတြေးလျအလွန်ရှိ ကြီးမားကျယ်ပြန့်သည့် ရေပြင်အောက်ထဲ၌  ရှာဖွေနေခဲ့သော်လည်း မည်သည့်သဲလွန်စမျှ မတွေ့ရှိရသေးပေ။ အိန္ဒိယသမုဒ္ဒရာ အနောက်ဘက်ကမ်းရိုးတန်း အများစုတွင် တွေ့ရှိခဲ့ရသော အပျက်အစီးအပိုင်းအစ ၂၀ ကျော်သည် ယင်းပျောက်ဆုံးလေယာဉ်မှ ဖြစ်နိုင်ကြောင်း သို့မဟုတ် ယင်းလေယာဉ်မှဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
စတုရန်းကီလိုမီတာ ၁၂၀၀၀၀ (စတုရန်းမိုင် ၄၆၀၀၀) ရှိသော ရေအောက်ရှာဖွေရေးဇုန်တွင် ရှာဖွေမှုသည် အဆုံးသတ်ရန် နီးကပ်လာချိန်တွင် Boeing နှင့်  Inmarsat အပါအဝင် သြစတြေးလျနှင့် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ၎င်းတို့၏ အထောက်အထားများနှင့် ပုံဖော်မှုများအား ပြန်လည်သုံးသပ်ရန်အတွက် ပြီးခဲ့သောလတွင် ကင်ဘာရာ၌ တွေ့ဆုံခဲ့ကြသည်။ ယင်းတွေ့ဆုံ ဆွေးနွေးမှုအပြီးတွင် ယင်းလေယာဉ်သည် ၎င်းတို့ရှာဖွေသည့်နေရာ၌ မရှိကြောင်း ကောက်ချက်ချခဲ့သည်ဟု ယင်းရှာဖွေမှုအား ဦးဆောင်သည့် သြစတြေးလျ သယ်ယူပို့ဆောင်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေးဗျူရို (ATSB) က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ယင်းပျောက်ဆုံးလေယာဉ်က ၎င်း၏လမ်းကြောင်းမှ ပြောင်းလဲပြီးနောက် ရောက်ရှိနိုင်သည့် လမ်းကြောင်းများအား ဂြိုဟ်တု ဓာတ်ပုံများဖြင့် လေ့လာသုံးသပ်မှုများကို အခြေပြု၍ လက်ရှိရှာဖွေရေးဇုန်အား သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဂြိုဟ်တုမှ ရရှိခဲ့သော အချက်အလက်သစ်များနှင့် အပျက်အစီး အပိုင်းအစများ စီးမျောမှုပုံစံသစ်များအား လေ့လာမှုအရ MH 370 သည် လက်ရှိရှာဖွေရေးဇုန်၏ မြောက်ဘက်တွင် ရှိနေနိုင်ခြေ မြင့်မားနေကြောင်း ခိုင်လုံသောအထောက်အထားများ ပြသခဲ့သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ အနီးစပ်ဆုံး ခန့်မှန်းခြေ စတုရန်းကီလိုမီတာ ၂၅၀၀၀ ရှိ ဧရိယာအတွင်း ပျက်ကျလေယာဉ်၏ ကိုယ်ထည်ပါရှိနေနိုင်ခြေ မြင့်မားကြောင်းလည်း ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။
MH 730 အား ရှာဖွေမှု နောက်ဆုံးအဆင့်ပြုလုပ်ရန် Fugro Equator သင်္ဘောက ပြီးခဲ့သောသီတင်းပတ်တွင် သြစတြေးလျမှနေ၍ အိန္ဒိယသမုဒ္ဒရာ တောင်ဘက်သို့ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ လက်ရှိရှာဖွေရေးဇုန်တွင် အပြည့်အ၀ ရှာဖွေမှုပြီးစီးပြီး ခိုင်လုံသော အချက်အလက်များမရရှိခဲ့ပါက ယင်းရှာဖွေမှု လုပ်ငန်းစဉ်အား ရပ်ဆိုင်းရန် ရှာဖွေမှုတွင် ပါဝင်သည့် သြစတြေးလျ၊ မလေးရှားနှင့် တရုတ် အစိုးရတို့က သဘောတူထားခဲ့ကြောင်း သိရသည်။  Ref: AFP                       

Most Read

Most Recent