အိပ်မက်ဆုံရာ ရာသက်ပန် Season 4 Winner ဆုရှင် ပိုင်မင်းဟိန်းနှင့် တွေ့ဆုံခြင်း

အိပ်မက်ဆုံရာ ရာသက်ပန် Season 4 Winner ဆုရှင် ပိုင်မင်းဟိန်းနှင့် တွေ့ဆုံခြင်း
Published 20 December 2016
လင်းလင်းခိုင်

လူငယ်အများစု၏ စိတ်ကူးအိပ်မက်များထဲက ဂီတခရီးလမ်းအတွက် လှေကားထစ်တစ်ခုဟု ဆိုနိုင်သည့် သီချင်းဆိုပြိုင်ပွဲများက အရေအတွက်များများ၊ အရှိန်အဟုန်ပြင်းပြင်းဖြင့် ချီတက်လျက် ရှိနေပါသည်။ သီချင်းဆို ပြိုင်ပွဲများစွာတွင် ထင်ရှားသည့် ပြိုင်ပွဲတစ်ခုဖြစ်သော အိပ်မက်ဆုံရာ ရာသက်ပန် Season 4 ၏ Grand Final ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဆန်ခါတင် ပြိုင်ပွဲဝင်လေးဦး၏ အကြိတ်အနယ် ယှဉ်ပြိုင်မှုများအပြီးတွင် Winner ဆုကို ပိုင်မင်းဟိန်းက ရရှိသွားခဲ့ပါသည်။ နယ်မြို့ဇာတိဖြစ်သူ ပိုင်မင်းဟိန်းက ဂီတအိပ်မက်တစ်ခုအတွက် လမ်းကြောင်းသစ်တစ်ခုအဖြစ် လာရောက်ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲကာလတစ်လျှောက်တွင်လည်း အခက်အခဲများစွာကြားမှ ဖြတ်ကျော်လာခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ပရိသတ် မဲပေးရွေးချယ်မှု အမြင့်ဆုံးဖြင့် Winner ဆုကို ဆွတ်ခူးသွားခဲ့သူ ပိုင်မင်းဟိန်းနှင့် တွေ့ဆုံ၍ ပြိုင်ပွဲကာလ အတွေ့အကြုံများ၊ ရှေ့ဆက်လျှောက်လှမ်းမည့် အနုပညာခရီးလမ်း ရည်မှန်းချက်များ အပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး - အိပ်မက်ဆုံရာပြိုင်ပွဲကို ဘယ်လိုဝင်ပြိုင်ဖြစ်ခဲ့တာလဲ ဆိုတာလေး အရင်ပြောပြပေးပါလား။
■ ဖြေ - ကျွန်တော်ငယ်ငယ်ကတည်းက သီချင်းဆိုဖို့ကတော့ အရမ်းဝါသနာပါခဲ့တာပါ။ တီဗွီတွေကြည့်တယ်။ သီချင်းဆိုပြိုင်ပွဲတွေ ကြည့်ဖြစ်တယ်။ အဲဒီလိုတွေ ကြည့်ဖြစ်ရင်းနဲ့ ပြိုင်ဖို့အတွက် ဆုံးဖြတ်ပြီး လာရောက်ယှဉ်ပြိုင်ဖြစ်တာပါ။
■ မေး - နယ်ကလာပြိုင်ရတာဆိုတော့ အခက်အခဲ တွေတော့ အများကြီးရှိမှာပေါ့။
■ ဖြေ - နယ်ကနေလာရတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ရန်ကုန်မှာတော့ ဘကြီးအိမ်ရှိတော့ သူတို့အိမ်ကနေပဲ လာပြိုင်ရတာပါ။ ဘကြီးအိမ်က စားစရာ၊ နေစရာပေးတယ်ဆိုတော့ အဲဒီအတွက်ကတော့ အခက်အခဲ သိပ်မရှိဘူးလို့ ပြောလို့ရပါတယ်။ ဘကြီးကိုလည်း အခုလို ကူညီတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ပြိုင်ပွဲမှာ ကြုံရတဲ့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ကျွန်တော့်အတွက် ပထမဆုံး အတွေ့အကြုံလည်း ဖြစ်နေတော့ မျှော်လင့်ထားတဲ့ အခက်အခဲတွေရော၊ မျှော်လင့်မထားတဲ့ အခက်အခဲတွေပါ တွေ့ကြုံရပါတယ်။
■ မေး  - ဒီတစ်ခေါက် အိပ်မက်ဆုံရာပြိုင်ပွဲက အရင်ပြိုင်ပွဲပုံစံမျိုး မဟုတ်ဘဲ ဆရာစောခူဆဲနဲ့ ဆရာမြင့်မိုးအောင်တို့ နှစ်ဖက်ခွဲပြီး အဖွဲ့နှစ်ဖွဲ့ ယှဉ်ပြိုင်စေတာဆိုတော့ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။
■ ဖြေ - ဟုတ်ပါတယ်။ ဒီပြိုင်ပွဲကကျတော့ ကျွန်တော်အရင်ကြည့်ခဲ့ဖူးတဲ့ ပြိုင်ပွဲပုံစံနဲ့က လုံးဝကို မတူတော့ဘူး။ အရင်ကြည့်ခဲ့ရတဲ့ ပုံစံက တစ်မျိုးဆိုတော့ အခက်အခဲ အများကြီး ရှိပါတယ်။ သီချင်းရွေးရတဲ့ အပေါ်မှာလည်း အခက်အခဲတွေ ရှိပါတယ်။ ကျွန်တော်တို့ သိထားတဲ့ သီချင်းတွေအပြင် သီချင်းတွေ အများကြီးကို လေ့လာရတယ်။ ဆိုတဲ့အပိုင်းမှာဆိုလည်း အခက်အခဲတွေ ရှိပါတယ်။ တစ်ပတ်မှာဆိုရင် ကျွန်တော် နေမကောင်းဘူး။ အသံသိပ်မထွက်ဘူး ဖြစ်နေတော့ အတင်းညှစ်ပြီးဆိုတဲ့အခါ အော်သလိုဖြစ်သွားတဲ့ သီချင်းမျိုးလည်း ရှိတယ်။ အခက်အခဲတွေကတော့ အများကြီး ရှိပါတယ်။
■ မေး - အဲဒီလို အခက်အခဲတွေကို ဘယ်လိုစိတ်ဓာတ်ခွန်အားနဲ့ ကျော်ဖြတ်ခဲ့ရလဲ။
■ ဖြေ - အနုပညာအလုပ်ကို အရမ်းဝါသနာပါတဲ့အတွက် ဒါကိုချစ်တဲ့စိတ်နဲ့ပဲ အခက်အခဲတွေ အားလုံးကို ကျော်ဖြတ်ခဲ့ရတာပါ။
■ မေး - ပရိသတ် အားပေးမှုကရော မောင်လေးအတွက် ဘယ်လိုခွန်အားတွေ ရစေခဲ့လဲ။
■ ဖြေ - ပရိသတ်အားပေးမှုက ကျွန်တော့်အတွက်တော့ အရမ်းအရေးကြီးပါတယ်။ ပရိသတ်အားပေးမှုသာ မရှိလို့ကတော့ ကျွန်တော်ဆိုတာလည်း ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ပရိသတ်တွေ အားပေးလို့သာ ဒီနေ့အချိန်အထိ ရပ်တည်နိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ပရိသတ်အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
■ မေး - အကဲဖြတ်ဒိုင်တွေဆီကလည်း အကြံပေးစကားတွေ၊ လမ်းညွှန်ချက်တွေ ကြားရတယ်ဆိုတော့ အဲဒါတွေကရော မောင်လေးအတွက် ဘယ်လောက် အထောက်အကူဖြစ်လဲ။
■ ဖြေ - ဆရာတွေဆီက အကြံပေးစကားတွေ၊ သုံးသပ်ချက်တွေ၊ ပြင်ဆင်ဖို့အတွက် လမ်းညွှန်ချက်တွေက အရမ်းအထောက်အကူ ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တင် မဟုတ်ပါဘူး။ ပြိုင်ပွဲဝင်အားလုံးအတွက် အရေးပါဆုံးပဲလို့ ထင်ပါတယ်။ ဆရာတွေ အားလုံးက ဂီတလောကမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြသူတွေဖြစ်လို့ သူတို့ဆီက အတွေ့အကြုံနဲ့ ယှဉ်တဲ့သုံးသပ်ချက်တွေက ကျွန်တော်တို့လို ကြိုးစားနေဆဲ လူငယ်တွေအတွက် အများကြီး အကျိုးရှိပါတယ်။ ဆရာတွေရဲ့ သုံးသပ်စကားတွေ အတိုင်းပဲ လိုက်နာပြင်ဆင်ပြီး ကြိုးစားဖြစ်ခဲ့တာပါ။
■ မေး - နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက်ရော ဘယ်လောက်အထိ အားစိုက်ထုတ်ခဲ့ရလဲ။
■ ဖြေ - နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက်ကတော့ စိတ်တွေလည်း အရမ်းလှုပ်ရှားခဲ့ရတယ်။ ရင်လည်း အရမ်းခုန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေအတွက်၊ မိသားစုဝင်တွေအတွက် အကောင်းဆုံး အားစိုက်ထုတ်ပြီး ကြိုးစားခဲ့တာပါ။
■ မေး - Winner ဖြစ်ဖို့ရော မျှော်လင့်ထားခဲ့တာလား။
■ ဖြေ - Winner ဖြစ်ဖို့ကတော့ အရမ်းကြီးလည်း မျှော်လင့်မထားခဲ့ပါဘူး။ ဘယ်လောက်ပဲဆုရရ ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ၊ ပရိသတ် အားပေးမှုတွေ ရခဲ့ပြီဖြစ်လို့ ဝမ်းသာပြီးသားပါ။ ဒါပေမဲ့ ဆုရတယ်ဆိုတော့လည်း ပြောမပြတတ်အောင် ဝမ်းသာရပါတယ်။ အရမ်းလည်းပျော်တယ်။
■ မေး - ပြိုင်ပွဲပြီးသွားတဲ့ အချိန်မှာလည်း ဘာတွေဆက်လုပ်ဖြစ်သွားမလဲ။
■ ဖြေ - ကျွန်တော်အနုပညာ ခရီးလမ်းမှာ ဆက်လက် လျှောက်လှမ်းသွားမှာပါ။ သီချင်းခွေတွေလည်း လုပ်ပါမယ်။ သီချင်းလည်း ရေးတယ်ဆိုတော့ သီချင်းရေးတဲ့ အလုပ်ကိုရော၊ ဆိုတဲ့အလုပ်ကိုပါ ဆက်လုပ်ဖြစ်သွားမှာပါ။ သီချင်းရေးတာတွေကိုလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။
■ မေး - ပြိုင်ပွဲတစ်လျှောက်လုံးမှာ ပရိသတ်မဲပေးမှုကလည်း အရေးကြီးတဲ့နေရာမှာ ရှိခဲ့တယ်ဆိုတော့ အဲဒီအတွက်ရော ပရိသတ်တွေကို ဘာပြောချင်သေးလဲ။
■ ဖြေ - ပရိသတ်တွေက အားပေးကြတယ်။ မဲပေးကြတဲ့အတွက်သာ ကျွန်တော်အခုလို ရပ်တည်နိုင်တာပါ။ ကျွန်တော်ရရှိတဲ့ ဆုဆိုတာကလည်း ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှု တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်ကို ချစ်ခင်အားပေးပြီး မဲပေးကြတဲ့ ပရိသတ်တွေကြောင့်သာ အခုလိုဆု ရရှိခဲ့တာပါ။ ပရိသတ်အားပေးမှုနဲ့ ထိုက်တန်တဲ့ အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်လာဖို့လည်း ကြိုးစားသွားမှာပါ။
■ မေး  - ရှေ့ဆက်လျှောက်မယ့် အနုပညာခရီးလမ်းအတွက် ဘယ်လိုအထောက်အကူကောင်းတွေ ရခဲ့ပြီလို့ထင်လဲ။
■ ဖြေ - ဒီပြိုင်ပွဲကတစ်ဆင့် ကျွန်တော် မသိတာ၊ မတတ်တာ၊ နားမလည်တာတွေ အားလုံးကို လေ့လာသင်ယူခွင့် ရခဲ့ပါတယ်။ အဆိုပညာတင်မကဘဲ ဂီတနဲ့ပတ်သက်လို့ သင်ယူသင့်တာ အားလုံးကို လေ့လာခွင့်ရတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ပရိသတ်တွေလည်း ကျွန်တော့်ကို သိသွားကြတယ်။ ဒါကြောင့် ကျွန်တော်လျှောက်ချင်တဲ့ အနုပညာ ခရီးလမ်းအတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။   

Most Read

Most Recent