တောင်ကိုရီးယား နိုင်ငံရေးအရှုပ်တော်ပုံတွင် အခရာကျနေသည့် အမျိုးသမီး ရက်စ်ပြူတင်အား ရုံးတင်စစ်ဆေးမှု စတင်

တောင်ကိုရီးယား နိုင်ငံရေးအရှုပ်တော်ပုံတွင် အခရာကျနေသည့် အမျိုးသမီး ရက်စ်ပြူတင်အား ရုံးတင်စစ်ဆေးမှု စတင်
Published 19 December 2016

တောင်ကိုရီးယားတွင် မျိုးဆက်တစ်ခုအတွင်း အကြီးမားဆုံး နိုင်ငံရေးပဋိပက္ခ ဖြစ်ပွားစေခဲ့သော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် အခရာကျနေသည့် အမျိုးသမီး ရက်စ်ပြူတင် ချွိုင်ဆွန်ဆီသည် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ခဲ့သော ရုံးတင်စစ်ဆေးမှု၌ စွဲချက်အားလုံးကို ငြင်းဆန်ခဲ့သည်။ အဓိက ကုမ္ပဏီ ကြီးများအား အကျပ်ကိုင်၍ လှူဒါန်းမှုများ ပြုလုပ်စေခဲ့မှုတွင် ချွိုင်သည် စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခံထားရသည့် သမ္မတ ပက်ကွမ်ဟီး၊ ပက်၏လက်ထောက် ဟောင်းအန်ဂျောင်ဘမ်တို့နှင့်အတူ ပူးပေါင်းကြံစည်ခဲ့ကြောင်း အစိုးရရှေ့နေများ၏ စွပ်စွဲချက်များအား ဆိုးလ်ဗဟိုခရိုင်တရားရုံးတွင် အကြိုကားနာမှုများအတွင်း ချွိုင်၏ရှေ့နေများက ပြန်လည်တုံ့ပြန်ခဲ့ကြသည်။
ယနေ့တွင် အဓိကအာရုံစိုက်သည့် အကြောင်းအရာမှာ လိမ်လည်ရန်အတွက် ပူးပေါင်းကြံစည်မှု ကိစ္စဖြစ်ကြောင်း၊ တရားပြိုင် ချွိုင်သည်အန် သို့မဟုတ် သမ္မတတို့အကြား ပူးပေါင်းကြံစည်မှု မရှိခဲ့ကြောင်း ချွိုင်၏ရှေ့နေ လီကျောင်ဂျဲက ကြားနာမှုအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ သမ္မတ ပက်အား သြဇာလွှမ်းမိုးခဲ့မှုအတွက် တောင်ကိုရီးယား၏ အမျိုးသမီး ရက်စ်ပြူတင်အဖြစ် အမည်ပြောင် ပေးခံခဲ့ရသည့် ချွိုင်သည် အောက်တိုဘာနောက်ပိုင်း လူမြင်ကွင်းသို့ ပထမဆုံး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော နှစ်လကျော်အတွင်း စစ်ဆေးမေးမြန်းခံနေရသည့် ချွိုင်သည် အကျဉ်းထောင် အထူးဘတ်စ်ကားဖြင့် တရားရုံးသို့ရောက်လာခဲ့ခြင်း ဖြစ်သည်။ အကျဉ်းထောင်ဝတ်စုံ ဝတ်ပြီး နှာခေါင်းစည်း စည်းကာ လက်ထိတ်ခတ်ထားလျက် ချွိုင်သည် ကားပေါ်မှဆင်း ပြီးနောက် အမျိုးသမီးအစောင့်တစ်ဦးက ၎င်းအား တရားရုံး အဆောက်အအုံထဲ ခေါ်ဆောင်သွားခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် နှာခေါင်းစည်းနှင့် လက်ထိတ်မပါဘဲ ချွိုင်သည် တရားခွင်ထဲသို့ဝင်လာပြီး ၎င်း၏ရှေ့နေ ဘေးတွင် ထိုင်ကာ ခေါင်းငုံ့ထားခဲ့သည်။
ယင်းအရှုပ်တော်ပုံ စတင်ထွက်ပေါ်လာစဉ်က ဂျာမနီတွင် ပုန်းအောင်းနေသော ချွိုင်က တောင်ကိုရီးယားသို့ ပြန်လာချိန်တွင် အပြစ်ခံယူရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။ “ဒါပေမဲ့ အခုချိန်မှာတော့ ကျွန်မကိုယ် ကျွန်မ ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်လို့ ထင်တယ်” ဟု ချွိုင်က တရားရုံးတွင် ပြောကြားခဲ့သည်။ ယင်းစကားက စွဲချက်အားလုံးကို ငြင်းဆန်ခြင်း ဟုတ်၊ မဟုတ် တရားသူကြီးက မေးမြန်းခဲ့ရာ ချွိုင်က “ဟုတ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
အသက် ၆၀ ရှိပြီဖြစ်သော ချွိုင်သည်  ပြီးခဲ့သော အောက်တိုဘာအနှောင်းပိုင်း၌ ဆိုးလ်ရှိ အစိုးရရှေ့နေရုံး၏ ဆင့်ခေါ်မှုသို့ နောက်ဆုံးသွားရောက်ခဲ့ပြီး ယင်းရုံးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော မီဒီယာများ ၏တိုးဝှေ့မှုအတွင်း ၎င်း၏ ပရာဒါဖိနပ် တစ်ဖက်ပျောက်မှုက ထင်ရှားခဲ့သည်။ ချွိုင်သည် ဒီဇင်ဘာ ၁၉ ရက် ကြားနာမှုသို့ မဖြစ်မနေ တက်ရောက်ရန် မလိုသော်လည်း ၎င်း၏ ဆန္ဒအရ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေ လီက ပြောကြားခဲ့သည်ဟု ယွန်ဟပ်က ဆိုသည်။ သို့သော် ချွိုင်သည် ယင်းအရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်သည့် ပါလီမန်ကော်မတီ၏ ကြားနာမှုများအား တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။ Ref; AFP

Most Read

Most Recent