လူငယ်ပရိသတ်တွေကြားမှာ EDM Music တွေ ခေတ်စားလာသလို EDM Show ပွဲတွေလည်း များပြားလာခဲ့ပြီး ပွဲတိုင်းမှာ လူငယ်ပရိသတ်တွေ အများအပြား လာရောက်အားပေးခဲ့ပါတယ်။ ဒါကြောင့် မြန်မာလူငယ်ပရိသတ်တွေကြားမှာ အောင်မြင်လာတဲ့ EDM Music ကို လူငယ်တွေကြား ခေတ်မစားခင်ကတည်းက လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သလို မကြာသေးခင်ကပဲ New World Music Video ကို ဖန်တီးခဲ့သူတစ်ဦးလည်းဖြစ်ပြီး ဒီဂျေ အနုပညာရှင်တစ်ယောက်အနေနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့သူ DJ Wine နဲ့တွေ့ဆုံခိုက် သူ့ရဲ့ ဂီတ အနုပညာလှုပ်ရှားမှုတွေနဲ့ EDM Music အပေါ်အမြင်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ် . . .
မေး ■ မကြာခင်က ပရိသတ်တွေဆီကို ဖြန့်ဝေခဲ့တဲ့ New World Music Video အတွက် Music ပိုင်း ဖန်တီးဖြစ်ခဲ့တာလေးကို ပြောပြပေးပါ။
ဖြေ ■ New World က ကျွန်တော်လုပ်နေကျ Music ပုံစံတော့ မဟုတ်ပါဘူး။ အားတီအတွက် ဖန်တီးပေးဖြစ်တာပါ။ Tropical House အမျိုးအစားပေါ့။ နိုင်ငံခြားမှာလည်း ပေါက်တယ်။ ဘယ်လိုသီချင်း အမျိုးအစားမှာပဲ ဖြစ်ဖြစ် အဲဒီလိုပုံစံလေးပြောင်းလိုက်ရင် နားထောင်ချင်စရာ၊ နားစွဲတဲ့ပုံစံလေးဖြစ်သွားတယ်။ ကျွန်တော်တို့ကလည်း နဂိုတည်းက Music ပုံစံအသစ်တွေ မိတ်ဆက်ပေးနေကျ ဆိုတော့ ဒီပုံစံလေးကို စပြီး မိတ်ဆက်ပေးလိုက်တာပါ။ မြန်မာနိုင်ငံမှာ လုပ်နေတဲ့သူတွေလည်း ရှိပါတယ်။
မေး■ လက်ရှိလုပ်ဖြစ်နေတဲ့ ဂီတလှုပ်ရှားမှုတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ■ ကျွန်တော့်ရဲ့ခွေအတွက် ပြင်ဆင်နေတာတွေ ရှိပါတယ်။ နောက်ပြီး အားတီအတွက် သီချင်းတွေလည်း လုပ်ဖြစ်နေတယ်။ အခုနောက်ပိုင်းမှာ Single အနေနဲ့သွားမယ့် Music တွေကို ပိုပြီးဦးစားပေးလုပ်ဖြစ်ပါတယ်။ ကျွန်တော်ဆိုရင် ဒီဂျေတစ်ယောက် အနေနဲ့တင်မဟုတ်ဘဲ ဂီတဖန်တီးသူတစ် ယောက်အနေနဲ့ပါ ဂီတအလုပ်တွေကို သေချာကြိုးစားပြီး လုပ်ကိုင်နေပါတယ်။
မေး ■ မြန်မာနိုင်ငံမှာ ကျင်းပမှုများပြားလာတဲ့ EDM ပွဲတွေနဲ့ပတ်သက်ပြီး အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ ■ ဒါက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကတည်းက မက်ခဲ့တဲ့အိပ်မက်တွေပါပဲ။ အခုချိန်မှာ အဲဒီအိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီ။ ကျွန်တော်တို့ကိုယ်တိုင် ပါဝင်တဲ့ပွဲတွေ ရှိသလို မပါဝင်တဲ့ပွဲတွေဆိုရင်လည်း သွားပြီးအားပေးပါတယ်။ EDM ကို PLUR လို့လည်းခေါ်တယ်။ ဒီ Music မှာ Peace၊ Lvoe၊ Unity၊ နဲ့ Respect ဆိုတာကို ပေါင်းထားတဲ့အတွက် ဒီပွဲတွေက ပျော်စရာကောင်းတယ်။ ရန်ဖြစ်တာ နည်းတယ်။ ဒီပွဲတွေ ပိုများလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ Music အဆင့်အတန်းတစ်ခုလည်း တဖြည်းဖြည်းချင်း တိုးတက်လာတယ်လို့ မြင်ပါတယ်။
မေး ■ မြန်မာနိုင်ငံမှာကျင်းပတဲ့ EDM ပွဲတွေက ပြည်တွင်းက ဒီဂျေ အနုပညာရှင်တွေအတွက်ရော ဘယ်လို အထောက်အပံ့ကောင်းတွေ ရစေလဲ။
ဖြေ ■ EDM ပွဲတွေ ပြည်တွင်းက ဒီဂျေတွေအတွက်လည်း အခွင့်အလမ်း အများကြီး ရပါတယ်။ နိုင်ငံခြားကနေသယ်လာတဲ့ ပွဲတွေရှိသလို ပြည်တွင်းကနေ စီစဉ်တဲ့ပွဲတွေလည်း ရှိတယ်။ အဲဒီလိုပွဲတွေက ပြည်တွင်းက ဒီဂျေသမားတွေကိုလည်း အများကြီး မြေတောင် မြှောက်ပေးနိုင်ပါတယ်။
မေး ■ နိုင်ငံတကာက ဒီဂျေတွေနဲ့အတူ ဖျော်ဖြေခွင့်ရတဲ့အတွက်ရော ဘယ်လိုအကျိုးတွေရတာရှိလဲ။
ဖြေ ■ သူတို့ကတော့ တိကျတယ်၊ စည်းကမ်းရှိတယ်။ ကြိုးစားမှုကတော့ အတူတူပါပဲ။ နောက်ပြီး တခြားနိုင်ငံကလူတွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်တာတွေက အရင်ကလည်း ရှိပေမယ့် ဒီပွဲတွေပေါ်လာတော့ ပိုပြီး ချိတ်ဆက်မှု ကောင်းလာခဲ့တယ်။ နိုင်ငံတကာက လူတွေအနေနဲ့ကလည်း ဒီက ဒီဂျေတွေရဲ့အနုပညာစွမ်းရည်ကို ပိုပြီးသိမြင်လာတာရှိတယ်။
မေး ■ လက်ရှိ ပြည်တွင်းက ဒီဂျေ အနုပညာရှင်လူငယ်တွေရဲ့ဖြတ်သန်းမှုနဲ့ အခွင့်အလမ်းတွေကရော ဘယ်လို အနေအထားမျိုးမှာရှိနေလဲ။
ဖြေ ■ အရင်ကထက်စာရင်တော့ အခွင့်အလမ်းတွေ ရနေပြီပေါ့။ ဒါပေမဲ့ အများကြီး တော့လိုသေးတယ်။ တဖြည်းဖြည်းတော့ နိုင်ငံတကာနဲ့မီတဲ့ အရည်အချင်းတွေ အခွင့်အလမ်းတွေ ရလာပြီလို့ ပြောလို့ရပါတယ်။
မေး ■ ဒီဂျေ အနုပညာရှင်တစ်ယောက်အနေနဲ့ ဆယ်စုနှစ်တစ်ခုကျော် ရပ်တည်လာခဲ့သလို ဆရာတစ်ယောက်အဖြစ်လည်း သင်တန်းတွေ ပို့ချနေတဲ့သူတစ်ယောက်အနေနဲ့ မျိုးဆက်သစ် ဒီဂျေ အနုပညာရှင်တွေကို ပြောချင်တာရှိရင်။
ဖြေ ■ အရင်ကထက်စာရင် ဒီဂျေအနုပညာအပေါ်မှာ ပိုပြီးစိတ်ဝင်စားလာကြပြီ။ အရင်ကထက်စာရင် နေရာတစ်ခု ရလာဖို့ပိုပြီး အခွင့်အလမ်းတွေ ရှိလာခဲ့ပြီ။ ခက်ခဲတဲ့အနေအထားတွေ ရှိနေသေးပေမယ့် သေချာကြိုးစားဖို့ပဲလိုတာပါ။









