ဒါဗာအိုမြို့တော်ဝန်အဖြစ် ထမ်းဆောင်စဉ် ကိုယ်တိုင်လူသတ်ခဲ့ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

ဒါဗာအိုမြို့တော်ဝန်အဖြစ် ထမ်းဆောင်စဉ် ကိုယ်တိုင်လူသတ်ခဲ့ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား
Published 14 December 2016
Ref:AFP

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက နိုင်ငံတောင်ပိုင်းရှိ ဒါဗာအိုမြို့၏ မြို့တော်ဝန်အဖြစ် ထမ်းဆောင်စဉ်က ရဲများအတွက် နမူနာပြသရန် ရာဇဝတ်သားများဟု သံသယရှိသူများအား ကိုယ်တိုင်ကိုယ်ကျ သတ်ခဲ့ဖူးသည်ဟု ဒီဇင်ဘာ ၁၂ ရက်ညက ပြောကြားခဲ့သည်။
တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်နေသည့် ၎င်း၏အစီအစဉ်အား ဆွေးနွေးစဉ် ဒူတာတေးက လုပ်ငန်းရှင်များထံ ပြောကြားခဲ့သောမိန့်ခွန်း၌ ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ လတ်တလော ပြုလုပ်နေသော ရာဇဝတ်မှု နှိမ်နင်းရေးစစ်ပွဲအတွင်း သံသယရှိသူများအား ရဲများက သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဒူတာတေးက နိုင်ငံတောင်ပိုင်းရှိ ဒါဗာအိုမြို့၌ မြို့တော်ဝန်အဖြစ် နှစ် ၂၀ ကြာ ထမ်းဆောင်ခဲ့စဉ်အတွင်း အလားတူသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သမ္မတနန်းတော်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါဗာအိုမှာ ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ လုပ်လေ့ရှိတယ်။ အဲဒီလူတွေ (ရဲတွေ) ကို ငါတောင်လုပ်နိုင်တာ၊ ခင်ဗျားတို့တွေ ဘာလို့မလုပ်နိုင်ရမှာလဲလို့ ပြချင်ရုံသက်သက်ပါ”ဟု ဒူတာတေးက ပြောကြားခဲ့သည်။
“ပြီးတော့ ကျွန်တော် ဒါဗာအိုမြို့ထဲမှာ ဆိုင်ကယ်အကြီးတစ်စီးနဲ့ လျှောက်သွားတယ်။ ပြီးတော့ လမ်းတွေကို ကင်းလှည့်မယ်။ ပြဿနာဖြစ်နေတာတွေကိုလည်း ရှာရင်းပေါ့။ ထိပ်တိုက် ရင်ဆိုင်ရမယ့်ဟာမျိုး ကျွန်တော် တွေ့ချင်တာ။ ဒါမှ ကျွန်တော်သတ်နိုင်မှာလေ”ဟု ၎င်းကပြောကြားခဲ့သည်။
ဇွန် ၃၀ ရက်တွင် သမ္မတအဖြစ် စတင်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း လူထောင်နှင့်ချီ သေဆုံးခဲ့ရသည့် ရက်စက်သော ရာဇဝတ်မှု နှိမ်နင်းရေးနည်းစနစ်များအား လူ့အခွင့်အရေးအဖွဲ့များနှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့က ဝေဖန်နေခဲ့သော်လည်း ယင်းဖြိုခွင်းမှုအား ဆက်လက်လုပ်ဆောင်မည်ဟု ဒူတာတေးက ကတိပြုခဲ့သည်။
ဒူတာတေးသည် ဒါဗာအိုမြို့တွင် ရာဇဝတ်သားများဟု သံသယရှိသူ ၁၀၀၀ ကျော်အား သတ်ဖြတ်ခဲ့သည့် ကိုယ့်သဘောဖြင့် ကိုယ်လုပ်ဆောင်သော ကွပ်မျက်ရေးအဖွဲ့များအား ဖွဲ့စည်းခဲ့သည်ဟု လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲထားခဲ့သည်။
ဒူတာတေးက ယင်းစွပ်စွဲချက်များအား မျိုးစုံနည်းဖြင့် ငြင်းဆန်ခဲ့သော်လည်း ကွပ်မျက်ရေးအဖွဲ့များတွင် ၎င်းပါဝင်ကြောင်းကိုမူ ဝန်ခံခဲ့သည်။
ဒူတာတေးသည် သမ္မတဖြစ်လာခဲ့ပြီးနောက် မူးယစ်ဆေးသုံးသူများနှင့် မူးယစ်ဆေးမှောင်ခိုကူးသူများအား သတ်ဖြတ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် ပြည်သူများကိုပါ တိုက်တွန်းခဲ့သည်။ သို့သော် ၎င်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဥပဒေချိုးဖောက်မည် မဟုတ်ဟု ဒူတာတေးက ဆိုခဲ့သည်။
ပြီးခဲ့သော အောက်တိုတွင် ဒူတာတေးသည် ကိုယ့်ကိုယ်ကိုယ် အဒေ့ါဟစ်တလာနှင့် နှိုင်းယှဉ်လျက် မူးယစ်ဆေးစွဲနေသူ သုံးသန်းအား သတ်ဖြတ်လိုကြောင်း ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဟစ်တလာနှင့် ရည်ညွှန်းမှုအား ၎င်းက ပြန်လည်တောင်းပန်ခဲ့သော်လည်း မူးယစ်ဆေးစွဲသူ သန်းနှင့်ချီအား သတ်ဖြတ်လိုကြောင်းကိုမူ အလေးပေး ပြောကြားခဲ့သည်။      

Most Read

Most Recent