၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၂၀၁၆ ခုနှစ် ဇွန် ၁၁ ရက်တွင် တစ်နိုင်ငံလုံး၌ ထုတ်ပြန်ကြေညာခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၆၃၆၂၃၇ ဦး ဝင်ရောက် ဖြေဆိုခဲ့သည့်အနက် ၁၉၀၃၈၈ ဦး အောင်မြင်ခဲ့ရာ အောင်ချက်မှာ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ဂုဏ်ထူးရှင် ၄၇၀၂၄ ဦး ပေါ်ထွက်ခဲ့ပြီး ၎င်းတို့အနက် သိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ မထက်ယမင်းအောင်အား ၂၀၁၆ ခုနှစ်အတွက် ထူးချွန်သည့် ကျောင်းသူတစ်ဦးအဖြစ် ၎င်း၏ကြိုးစား အားထုတ်ခဲ့ရပုံ အကြောင်း မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ အားကျအတုယူဖွယ် ရေးသား ဖော်ပြအပ်ပါသည်။
‘ပထမရဖို့ လုံးဝမမျှော်လင့်ခဲ့ပါဘူး။ ကိုယ့်ဘက်ကပဲ အကောင်းဆုံး ကြိုးစားခဲ့တာပါ’
■ မေး - အခုလို မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရအောင် ဘယ်လိုပုံစံမျိုး ကြိုးစား အားထုတ်ခဲ့ရသလဲဆိုတာ မျိုးဆက်သစ် မောင်ငယ်ညီမငယ်တွေ သိရှိစေဖို့ အရင်ဆုံး ပြောပြပေးပါဦး။
ဖြေ - သမီးအခုလို မြန်မာတစ်နိုင်ငံလုံး ပထမရအောင် ဆရာ၊ ဆရာမတွေ သင်ကြားပြသမှုတွေကို ဂရုတစိုက် လိုက်နာပါတယ်။ စာကို မှတ်မိအောင် ခဏခဏ ပြန်နွှေးဖြစ်ပါတယ်။ ဘာသာရပ် အားလုံးကို တစ်ခုမှ မလစ်ဟင်းစေဘဲ အမှတ်များများ သယ်နိုင်အောင် လေ့ကျင့်ပါတယ်။ အမှားတွေကနေပြီးတော့ စာမေးပွဲကြီးမှာ အမှားနည်းသည်ထက်နည်းအောင် သင်ခန်းစာယူပါတယ်။
■ မေး - အခုလိုမျိုး အမှတ်အများဆုံး ပထမရဖို့ မျှော်လင့်ထားခဲ့လား။
ဖြေ - ပထမရဖို့ လုံးဝမမျှော်လင့်ခဲ့ပါဘူး။ ကိုယ့်ဘက်ကပဲ အကောင်းဆုံး ကြိုးစားခဲ့တာပါ။
■ မေး - ဘာသာရပ်တွေကို ဘယ်လိုပုံစံမျိုး ကျက်မှတ်လေ့လာခဲ့လဲ။ ဘာသာရပ် တစ်ခုချင်းစီအလိုက် ဘယ်လိုပုံစံမျိုး လေ့ကျင့်ခဲ့လဲ။
ဖြေ - မြန်မာစာမှာ အတိအကျ ကျက်ရမယ့် အပိုင်းတွေကို သေသေချာချာ ကျက်ပါတယ်။ မေးခွန်းဟောင်းမှာ မေးတတ်တဲ့ ပုံစံတွေကို လေ့လာပါတယ်။ အင်္ဂလိပ်စာကို ဖတ်စာအုပ်ထဲက အဓိက လေ့လာပြီး Essay၊ Letter တွေကို ကိုယ်တိုင်ရေးကျင့်ပါတယ်။ သင်္ချာက အားနည်းတဲ့ ဘာသာဖြစ်တဲ့ အတွက်ကြောင့် ပိုအလေးပေးခဲ့ပါတယ်။ Physics နဲ့ Chemistry တွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ note တွေ အကုန်ကြည့်ပါတယ်။ Bio မှာ အခန်းအကုန်ကျက်ခဲ့ပြီး သက်ဆိုင်ရာပုံတွေ Label တွေကိုလည်း လေ့ကျင့်ခဲ့ပါတယ်။ အဓိက,ကတော့ နေ့တိုင်း စာပုံမှန်လုပ်ရပါတယ်။ အစမ်းစာမေးပွဲတွေကိုလည်း အလေးအနက်ထားပြီး တတ်နိုင်သလောက် အကောင်းဆုံး ဖြေဆိုခဲ့ပါတယ်။
■ မေး - မိဘတွေရဲ့ ပံ့ပိုးကူညီမှု အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ - မိဘတွေက ပံ့ပိုးကူညီမှု အများဆုံး ပေးခဲ့ပါတယ်။ ဖေဖေနဲ့မေမေ နှစ်ယောက်စလုံးက အကြိုအပို့ အမြဲလုပ်ပေးပါတယ်။ မေမေဆိုရင် သမီးတွက်တာတွေကို စစ်ဆေးပါတယ်။ စာပြန်တာတွေကိုလည်း ကြည့်ပေးပါတယ်။
■ မေး - ကျောင်းစာတွေအပြင် အခြားဘယ်အရာတွေကိုရော လေ့လာလိုက်စားတာမျိုးတွေရှိလဲ။
ဖြေ - သမီးလူရည်ချွန်ဖြေဖို့အတွက် နှစ်လလောက် အလိုမှာ အားကစား လေ့ကျင့်ခဲ့ပါတယ်။ ဗဟုသုတ အတွက်လည်း စာအုပ်တွေ ဖတ်ပါတယ်။
■ မေး - ဘဝမှာ လေးစားအားကျပြီး စံနမူနာယူရတဲ့သူမျိုး ရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ - သမီး အလေးစားရဆုံး ပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ပြီးတော့ သမီးကို သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို လေးစားပါတယ်။ သမီးအခုလို တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန်ချွန် အောင်မြင်ဖို့အတွက် တစ်နည်းမဟုတ် တစ်နည်းနဲ့ ပံ့ပိုးပေးခဲ့လို့ပါ။
■ မေး - ပညာရေးမှာ ထူးချွန်တဲ့ သမိုင်းမှတ်တိုင် စိုက်ထူခဲ့ရတာမျိုးတွေ ရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ သူငယ်တန်းမှာ အတန်းတွင်း ဒုတိယဆု။ တတိယတန်းမှာ အတန်းတွင်း ဒုတိယဆုနဲ့ ကျောင်းတွင်း ဒသမဆု၊ စတုတ္ထတန်းမှာ အတန်းတွင်း ဒုတိယဆု၊ ဆဋ္ဌမတန်းမှာ ကျောင်းတွင်းဒုတိယဆု၊ သတ္တမတန်းမှာ ကျောင်းတွင်း ပထမဆု၊ အဋ္ဌမတန်းမှာ ကျောင်းတွင်း ပဉ္စမဆု၊ နဝမတန်းမှာ ကျောင်းတွင်း ပထမဆုနဲ့ လူရည်ချွန် အရွေးခံရပါတယ်။ ဒသမတန်းမှာ မြန်မာတစ်နိုင်ငံလုံး ပထမနဲ့ လူရည်ချွန်နှစ်ထပ်ကွမ်း ထပ်မံအရွေးခံခဲ့ရပါတယ်။
■ မေး - စိတ်ဖိစီးမှုတွေ ဖြစ်လာခဲ့တဲ့ အချိန်မှာရော ဘယ်လို ဖြေဖျောက်လေ့ရှိလဲ။
ဖြေ - စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆိုရင်တော့ မေမေ့ကို ရင်ဖွင့်ပါတယ်။ မေမေက သမီးကို အဲဒီလို အချိန်မျိုးမှာ အားပေးပြီး စိတ်ဓာတ် ခွန်အားပေးပါတယ်။
■ မေး- အခုလိုမျိုး တစ်နိုင်ငံလုံး အမှတ်အများဆုံးနဲ့ ပထမရတော့ ဘယ်လိုခံစားရလဲ။
ဖြေ - အရမ်းအံ့သြပြီးတော့ ဝမ်းလည်းသာရပါတယ်။
■ မေး - ဝါသနာနဲ့ အနာဂတ် ရည်မှန်းချက်ကို ဘယ်လို ပုံဖော်ဖို့ စီစဉ်ထားလဲ ဆိုတာလည်း ပြောပြပေးပါဦး။
ဖြေ - သမီးက စာဖတ်ရတာ ဝါသနာပါပါတယ်။ ရသစာပေဖြစ်တဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို အဖတ်များပါတယ်။ ဆရာမကြီးခင်နှင်းယု၊ ဆရာမင်းလူ၊ တက္ကသိုလ်ဘုန်းနိုင်၊ ဂျာနယ်ကျော်မမလေးတို့က သမီးအကြိုက်ဆုံး စာရေးဆရာကြီးတွေပါ။ သမီးက နိုင်ငံနဲ့ လူမျိုးအကျိုးကို သယ်ပိုးပေးနိုင်တဲ့ ဆရာဝန်ကောင်းတစ်ဦး ဖြစ်ချင်ပါတယ်။
■ မေး - ထူးချွန်တဲ့ မျိုးဆက်သစ် လူငယ်တစ်ယောက် အနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမယ့် မောင်ငယ် ညီမငယ်တွေကို ဘယ်လိုအကြံပြု စကားတွေ ပြောချင်ပါသလဲ။
ဖြေ - မိဘ၊ ဆရာစကား နားထောင်ပါ။ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပါ။ ကျောင်းစာထက် အပျော်အပါးကို ဦးစားမပေးဘဲ အကောင်းဆုံး ကြိုးစားပါ။ ကျန်းမာရေး ဂရုစိုက်ပါလို့ အကြံပေးချင်ပါတယ်။
ကိုယ်ရေးအကျဉ်းအမည် - မထက်ယမင်းအောင် မိဘအမည် - ဦးစိန်သောင်း၊ ဒေါ်လွင်လွင်အောင်မွေးသက္ကရာဇ် - ၂.၁၀.၁၉၉၉မွေးချင်း - နှစ်ယောက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့်ကျောင်း - အ.ထ.က(၂)ဗဟန်း။ ရရှိခဲ့သည့်အမှတ်များမြန်မာစာ - ၈၅ မှတ်အင်္ဂလိပ်စာ - ၈၄ မှတ်သင်္ချာ- ၉၉ မှတ်ရူပဗေဒ - ၉၉ မှတ်ဓာတုဗေဒ - ၉၆ မှတ်ဇီဝဗေဒ- ၉၉ မှတ်
‘၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲ အမှတ်အများဆုံး ပထမဆုရှင် မထက်ယမင်းအောင်နှင့် တွေ့ဆုံခြင်း’









