မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ ‘တီတီနှင့် ဒိုးနတ်’ (TT & Donut) ဆိုတဲ့ ဇာတ်ကားကို မြန်မာနိုင်ငံမှာ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားရဲ့ မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံက အနုပညာရှင်တွေလည်း စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။ ဒါကြောင့် မကြာခင်မှာ မြန်မာပရိသတ်တွေ ကြည့်ရှုရတော့မယ့် TT & Donut ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Miss Thailand World 2014 Second Runner Up လည်းဖြစ်တဲ့ Care Chattarika Sittiprom နဲ့ တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါတယ်။
■ မေး - TT & Donut ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ဖြစ်ခဲ့တဲ့ အကြောင်းလေး သိပါရစေ။
ဖြေ - TT & Donut ဇာတ်ကားရိုက်ဖို့ စပြီးကမ်းလှမ်းခဲ့စဉ် ကတည်းက ပျော်ရွှင်ရပါတယ်။ ဇာတ်လမ်းလေးကလည်းကောင်းပြီး ညီမအတွက်ကလည်း မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့ အတူ ပူးပေါင်း လုပ်ဆောင်ရမယ်ဆိုတာ သိခဲ့ရတဲ့အတွက် စိတ်လှုပ်ရှားပြီး ပျော်ရွှင်ရပါတယ်။ ပထမဆုံးဇာတ်ကားမှာပဲ မြန်မာနိုင်ငံက စူပါစတားတစ်ယောက်နဲ့အတူ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက်လည်း အရမ်းစိတ်လှုပ်ရှား ပျော်ရွှင်ရပါတယ်။
■ မေး - TT & Donut ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင် စရိုက်မျိုးနဲ့ ပါဝင်သရုပ်ဆောင်ရလဲ။
ဖြေ - ဒီဇာတ်ကားမှာ ကျွန်မက ယောကျာ်းလေး နည်းနည်းဆန်သလို သွက်သွက်လက်လက်လည်းရှိပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်၊ အဖေက ပေးစားတဲ့သူနဲ့ လက်မထပ်ချင်လို့ ထွက်ပြေးခဲ့တဲ့ ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။
■ မေး - ဇာတ်ကားမရိုက်ကူးခင်မှာ သရုပ်ဆောင်ဖို့အတွက် ဘာတွေပြင်ဆင်လေ့လာဖြစ်လဲ။
ဖြေ - ဒီဇာတ်ကား မရိုက်ကူးခင်မှာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းတက်ခဲ့တာ ရှိပါတယ်။ နောက်ပြီး အတူတွဲဖက် သရုပ်ဆောင်ရမယ့် ကိုပြေတီဦးရဲ့ သရုပ်ဆောင်မှုတွေကို သူ့ရဲ့ဇာတ်ကားတွေကြည့်ပြီး လေ့လာဖြစ်ပါတယ်။ နောက်ပြီး ဒီဇာတ်ကား ပါဝင်တဲ့ ဇာတ်ဝင်ခန်းအချို့အတွက် မွေထိုင်းလက်ဝှေ့ကိုလည်း လေ့လာသင်ယူမှု လုပ်ခဲ့တယ်။ ဒါပေမဲ့ ဇာတ်ကားအတွက် ပြင်ဆင်ချိန်က အများကြီးတော့ မရခဲ့ဘူး။ ဇာတ်ကား ရိုက်ကူးဖို့သိပြီး လက်ခံပြီးတာနဲ့ ဇာတ်ကားအတွက် ပြင်ဆင်စရာ ရှိတာတွေကို ချက်ချင်းပြင်ဆင်ပြီး ရိုက်ကူးခဲ့ရတာပါ။
■ မေး - ဒီဇာတ်ကား ရိုက်ကူးစဉ်မှာရော ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။
ဖြေ - အခက်အခဲတွေ အများကြီးတော့ မကြုံခဲ့ရပါဘူး။ ဘာသာစကားနဲ့ ပတ်သက်တဲ့ အခက်အခဲ အနည်းငယ်လောက်ပဲ ကြုံခဲ့ရတာပါ။ ဒါကလည်း ကြီးမားတဲ့ အခက်အခဲတစ်ရပ် မဟုတ်ခဲ့ပါဘူး။ ဇာတ်ကား ရိုက်ကူးစဉ်မှာလည်း ပျော်ရွှင်ခဲ့ရပါတယ်။ မြန်မာအနုပညာရှင်တွေနဲ့တွဲပြီး အလုပ်လုပ်ရတာလည်း ပျော်ရွှင်ရပါတယ်။
■ မေး - ဒီဇာတ်ကား မရိုက်ကူးခင်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေ သိထားတာရှိလဲ။
ဖြေ - ဒီဇာတ်ကား မရိုက်ကူးခင်မှာတော့ မြန်မာနိုင်ငံကို တစ်ခေါက်မှ မရောက်ဖူးခဲ့ပါဘူး။ ကိုယ်လည်း လာချင်ပေမယ့် အခွင့်မသာခဲ့ဘူး။ ဒီဇာတ်ကား ရိုက်ကူးဖြစ်တော့မှပဲ မြန်မာနိုင်ငံကို ပထမဆုံး လာဖြစ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနဲ့ ထိုင်းက လူနေမှုပုံစံတွေက သိပ်ပြီးမကွာခြားဘူးလို့ မြင်ပါတယ်။
■ မေး - မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်းမှာ ဘယ်နေရာတွေကို သွားလည်ဖြစ်ခဲ့လဲ။
ဖြေ - ဇာတ်ကားရိုက်ကူးဖို့အတွက် လာခဲ့တုန်းက ခဏပဲ အချိန်ရတာကြောင့် ရွှေတိဂုံဘုရားနဲ့ ဗိုလ်တထောင် ဘိုးဘိုးကြီးကိုပဲ ရောက်ဖြစ်ခဲ့ပါတယ်။
■ မေး - ဇာတ်ကား မိတ်ဆက်ပွဲလာတဲ့ အခေါက်မှာရော အလည်သွားဖို့ အစီအစဉ်တွေရှိလား။
ဖြေ - အရင်တစ်ခေါက်က သွားခဲ့တဲ့ နှစ်နေရာကိုပဲ ထပ်ပြီးသွားဖြစ်မှာပါ။ အရင်တစ်ခေါက်က ဘိုးဘိုးကြီးမှာ ဆုတောင်းခဲ့တာကိုပဲ ပြန်သွားပြီး ဆုထပ်တောင်းချင်ပါသေးတယ်။
■ မေး - လက်ရှိမှာ ထိုင်းနိုင်ငံမှာ ဘယ်လိုအနုပညာ လှုပ်ရှားမှုတွေ လုပ်ဖြစ်နေလဲ သိပါရစေ။
ဖြေ - ထိုင်းနိုင်ငံမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ဖြစ်နေပါတယ်။ တစ်ကားတော့ ရိုက်ကူးပြီးသွားပြီ။
■ မေး - မြန်မာနိုင်ငံမှာရော နောက်ထပ်အနုပညာ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ့် အစီအစဉ်တွေရှိလား။
ဖြေ - အခွင့်အရေး ရခဲ့ရင်တော့ မြန်မာအနုပညာရှင်တွေအတူ ပူးပေါင်းပြီး ဇာတ်ကားတွေ ရိုက်ချင်ပါတယ်။
■ မေး - ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး မြန်မာပရိသတ်တွေကို ပြောချင်တဲ့ စကားရှိရင်လည်း ပြောပေးပါဦး။
ဖြေ - ဒီဇာတ်ကားက မြန်မာနဲ့ထိုင်း နှစ်နိုင်ငံအနုပညာရှင်တွေ ပူးပေါင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ကျွန်မအတွက်လည်း ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ မြန်မာပြည်က စူပါစတား ကိုပြေတီဦးကိုလည်း ဇာတ်ကောင်စရိုက် တစ်မျိုးနဲ့ မြင်တွေ့ရမှာပါ။ နောက်ပြီး ဒီဇာတ်လမ်းလေးက ကြည့်ရှုမယ့် ပရိသတ်တွေ ကြိုက်နှစ်သက်မှု ရှိမယ်လို့လည်း ထင်ပါတယ်။ ဒီဇာတ်ကားမှာ ကျွန်မရဲ့ လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း ဝေဖန်အကြံပေးမှုတွေ ပြုလုပ်နိုင်ပါတယ်။









