မန္တလေးမြို့တွင် ကြိုက်တာယူ ကျပ် ၄၅၀၀ ဖြင့် ရောင်းချသည့် ဆိုင်များ၌ တရုတ်လူမျိုးများ တရားမဝင် နေထိုင်ခြင်း ရှိ မရှိ စစ်ဆေး

မန္တလေးမြို့တွင် ကြိုက်တာယူ ကျပ် ၄၅၀၀ ဖြင့် ရောင်းချသည့် ဆိုင်များ၌ တရုတ်လူမျိုးများ တရားမဝင် နေထိုင်ခြင်း ရှိ မရှိ စစ်ဆေး
Published 13 December 2016
ယဉ်မျိုးသွယ်

မန္တလေးမြို့တွင် ကြိုက်တာယူ ကျပ် ၄၅၀၀ ဖြင့် ရောင်းချသည့် ဆိုင်များ၌ တရားမဝင် တရုတ်လူမျိုးများ နေထိုင်ခြင်း ရှိ မရှိကို ရဲတပ်ဖွဲ့ပါဝင်သော ဌာနဆိုင်ရာ အသီးသီးမှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၂ ရက်ကတည်းက ဝင်ရောက် စစ်ဆေးနေကြောင်း သိရပြီး မန္တလေးမြို့တွင် အဆိုပါ ကြိုက်တာယူ ကျပ် ၄၅၀၀ ဆိုင်ပေါင်း ၃၀ ကျော်ခန့် ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
“တရုတ်လူမျိုးတွေ နေထိုင်မှုကို တရား ဝင် မဝင် စစ်ဆေးနေပါတယ်။ နောက်ပြီး သူတို့ ရောင်းချတဲ့ ပစ္စည်းတွေက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ တရားဝင် တင်သွင်း ရောင်းချတာလား၊ လူတွေကရော ဗီဇာနဲ့ နေထိုင်တာလား၊ ပတ်စ်ပို့ ရှိလား စတဲ့ လဝက စည်းကမ်းတွေနဲ့ ကိုက်ညီခြင်း ရှိ မရှိကို စစ်ဆေးတာပါ။ နောက်ပြီး အဲဒီဆိုင်တွေက စာရွက်စာတမ်းတွေကို ထွေအုပ်က အကုန်တောင်းထားပါတယ်။ ဒါမှ ဒီဆိုင်က ခွင့်ပြုချက် စာရွက်ကို ဟိုဆိုင်က ယူပြလို့ မရအောင်လို့ပါ။ အဲဒီစာရွက်တွေကို ကျွန်တော်တို့က ယူထားပြီး ဆိုင်တွေကို ကွင်းဆင်းစစ်တာပါ။ တွေ့ရှိရမှု အခြေအနေကတော့ စစ်ဆေးဆဲဖြစ်လို့ နောက်မှ ထုတ်ပြန်နိုင်မယ်” ဟု မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြောကြားသည်။
အဆိုပါ စစ်ဆေးမှုတွင် ရဲတပ်ဖွဲ့၊ လဝက၊ အထွေထွေအုပ်ချုပ်ရေး၊ အကောက်ခွန်ဌာနတို့ ပါဝင်ကြောင်း သိရပြီး တရားမဝင် နေထိုင်မှုများကို လဝက ဦးစီးဌာနမှသာ တရားလို ပြုလုပ်ကာ အရေးယူမည်ဟု သိရသည်။
“ဒီနေ့ အဖွဲ့ပေါင်းစုံပါတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ ကြိုက်တာယူ ဖွင့်ထားတဲ့ ဆိုင်တွေမှာ တရားဝင်တာရော၊ တရားမဝင်တာရော အကုန်စစ်ပါတယ်။ ဘယ်ပုဒ်မနဲ့ အရေးယူမယ် ဆိုတာတော့ မသိရသေးဘူး။ စာရင်းအရ ဆိုင် ၃၀ ကျော်လောက်တော့ ရှိတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
“ခုလို စစ်ဆေးတာဟာ ကိုယ့်နိုင်ငံမှာ စည်းကမ်းတကျ နေလား မနေလား စစ်တာပါ။ ဖမ်းတာ မဟုတ်ပါဘူး။ နိုင်ငံခြားသားတွေကို ဒီတိုင်းထားလို့ မရဘူး။ စစ်ရမယ့် တာဝန်မို့ပါ” ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောကြားသည်။
မန္တလေးမြို့တွင် တရုတ်လူမျိုးများ တရားမဝင် နေထိုင်မှုနှင့် ပတ်သက်ပြီး မြိုခံလူထုများ တိုင်ကြားမှုများ ရှိနေပြီး မြန်မာစကားပင် မပြောတတ်သည့် တရုတ်လူမျိုးများ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း၊ အထူးသဖြင့် မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး စခန်းတွင် တရုတ်လူမျိုးများ လာရောက် အရောင်းအဝယ် ပြုလေ့ရှိပြီး သတ်မှတ်ထားသည့် ဟိုတယ်တွင် တည်းခိုခြင်း မရှိဘဲ အိမ်ငှားရမ်းနေထိုင်မှုများပင် ရှိနေကြောင်း သိရသည်။

Most Read

Most Recent