၂၀၁၆ ခုနှစ်အတွင်းတွင် အနုပညာရှင်များက ကိုယ်ပိုင်အမှတ်တံဆိပ်များဖြင့် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်လာကြသည့်အပြင် စီးပွားရေးနယ်ပယ်သို့ စတင်ခြေချလာသူများလည်း များပြားလာခဲ့သည်။ ယင်းတို့အထဲတွင် ထပ်မံပါဝင်လာသူတစ်ဦးက အကယ်ဒမီ သက်မွန်မြင့်ပင်ဖြစ်သည်။ ဒုတိယရင်သွေး ကိုယ်ဝန်အား လွယ်ထားရသည့်အတွက် အနုပညာလုပ်ငန်းများ ခေတ္တရပ်နားထားစဉ် အချိန်အတွင်း Sweet Child အမည်ဖြင့် ကလေးပစ္စည်း အသုံးအဆောင်များ အရောင်းဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ချစ်လှစွာသောအမုန်း ဇာတ်ကားတွင် မေတ္တာတရားကြီးမားသူ မိန်းကလေးတစ်ဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည့် အကယ်ဒမီ သက်မွန်မြင့်အတွက် ဒုတိယမြောက် အကယ်ဒမီဆု ရရှိနိုင်မည်ဟုလည်း ရေပန်းစားလျက် ရှိနေသူတစ်ဦး ဖြစ်သည်။ ၂၀၁၇ နှစ်ဆန်းတွင် ဒုတိယရင်သွေး သမီးလေးကို မွေးဖွားမည့်အပြင် အကယ်ဒမီ ထူးချွန်ဆုကိုပါ သိမ်းပိုက်နိုင်မည်ဟု ပရိသတ်များ မျှော်လင့်စောင့်စားလျက်ရှိသူ အကယ်ဒမီ သက်မွန်မြင့် နှင့်တွေ့ဆုံ၍ Sweet Child ဆိုင်ဖွင့်လှစ်ဖြစ်ခဲ့ပုံ၊ ချစ်လှစွာသောအမုန်း ဇာတ်ကားတွင် သရုပ်ဆောင်နိုင်ခဲ့မှုအပေါ် သုံးသပ်ချက်နှင့် အကယ်ဒမီဆုအပေါ် ထားသည့်ခံစားချက်တို့အား မေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး - သက်မွန်ရဲ့ Sweet Child ဆိုင်လေးကို ဘယ်လိုစိတ်ကူးလေးနဲ့ စဖွင့်ဖြစ်သွားတာလဲ။ဖြေ - အဲဒါက အရင်ကတည်းက စီးပွားရေးလုပ်မယ်ဆိုပြီး စဉ်းစားတော့ ကလေးလည်းရှိနေတော့ ကလေးနဲ့သက်ဆိုင်တဲ့ စီးပွားရေးလေးပဲ လုပ်မယ်လို့ စိတ်ကူးဖြစ်တယ်။ ကလေးကျောင်းလေး ဖွင့်မလားဆိုပြီး စိတ်ကူးပေမယ့် ပညာရေးဆိုတော့ အရေးကြီးတယ်ဆိုတော့ နည်းနည်းလည်း စိုးရိမ်တယ်။ တစ်ခါမှလည်း မလုပ်ဖူးတော့လေ။ ပထမကိုယ်ဝန်တုန်းက အဲဒီလိုတွေ စဉ်းစားနေတာနဲ့ပဲ ကြောက်တာရော၊ စိုးရိမ်တာရောနဲ့ မလုပ်ဖြစ်လိုက်ဘူး။ အခုဒုတိယကိုယ်ဝန်ကျတော့ အနုပညာအလုပ်တွေ ပြန်နားတဲ့ အချိန်လည်း ဖြစ်နေတယ်။ အားချစ်လေးလည်း မွေးထားပြီးပြီဆိုတော့ ဘာတွေအဆင်ပြေတယ်။ ဘာတွေအဆင်မပြေဘူး။ ဘာတွေကိုတော့ ဝယ်ဖို့ကခက်တယ်ဆိုတာတွေ ပိုသိလာတယ်။ အဲဒါနဲ့ပဲ ကလေးတွေအတွက် ဆိုင်လေးဖွင့်ချင်လာတယ်။ သူတို့အတွက် အဆင်ပြေမယ့် ဆိုင်လေးပေါ့။
■ မေး - ဒီဆိုင်မှာ ကလေးတွေအတွက် တကယ်လိုအပ်နိုင်တာလေးတွေ စုံအောင်ထည့်ထားတာ တွေ့ရတယ်။ဖြေ - သက်မွန်ကတော့ အများကြီးရည်ရွယ်ချက် ရှိတယ်။ အခုကတော့ သိပ်လည်းနေမကောင်းတော့ အရမ်းကြီး ဖိဖိစီးစီးမလုပ်နိုင်ဘူး။ အဲဒီတော့ အရမ်းကြီးတော့ အားမရသေးပါဘူး။ ဒီထက်ပိုကောင်းအောင်တော့ ကြိုးစားသွားမှာပါ။ အဝတ်အစားပိုင်းဆိုလည်း နူးနူးညံ့ညံ့ဖြစ်မယ့် 100% Cotton လေးတွေပေါ့။ ကျန်တာကတော့ Nutrition ပိုင်းတွေရောပေါ့။
■ မေး - စဖွင့်တဲ့ အမှတ်တရအနေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးတွေအတွက် ဆွေးနွေးပွဲလေးတွေလည်း လုပ်တယ်ဆိုတော့ နောက်ပိုင်းရော လုပ်ဖြစ်မလား။ဖြေ - ဟုတ်စိတ်ကူးထားပါတယ်။ ဒါက သက်မွန်တို့ အနေနဲ့လုပ်ရင် အနုပညာရှင်ဆိုတော့ လူအများထဲကို ပိုရောက်တယ်လေ။ ကလေးတွေအတွက် ဒီလိုဗဟုသုတတွေက အရေးကြီးတယ်လေ။ ကိုယ်ကလည်း Save the Children ရဲ့ Ambassador ဆိုတော့စိတ်ကူးထားတဲ့ အစီအစဉ်လေးတွေ ရှိပါတယ်။
■ မေး - နောက်ပိုင်းရော အွန်လိုင်းကပို့မယ့် အစီအစဉ်မျိုးတွေ ပါလာမလား။ဖြေ - လောလောဆယ်ကတော့ မလုပ်နိုင်သေးဘူး။ နောက်ပိုင်းကတော့ Delivery လေးတွေလည်း လုပ်ဖို့ရှိမယ်။ တစ်ခါတလေကျရင် ကိုယ့်အတွေ့အကြုံအရဆို ညကြီးမိုးချုပ် နို့မှုန့်ကုန်သွားတာမျိုးလည်း ရှိနိုင်တယ်လေ။ ကိုယ်တိုင်လာမဝယ်နိုင်ဘူး။ လာဝယ်ပေးမယ့်သူလည်း မရှိတဲ့သူတွေလည်း ရှိနိုင်တယ်ဆိုတော့ အဆင်ပြေအောင် လုပ်ပေးချင်တဲ့ သဘောပါ။
■ မေး - လုပ်ငန်းသစ်ဆိုတော့ အခက်အခဲတွေတော့ ရှိမှာပဲလေ။ ဘယ်လိုဖြတ်သန်းခဲ့ရလဲ။ဖြေ - အရင်ကတည်းကလည်း ငွေအင်အားရော၊ လူအင်အားပါ နည်းတယ်လေ။ အသိုင်းအဝိုင်းကလည်း သိပ်မရှိဘူး။ စီးပွားရေးလုပ်ဖို့ကို တော်တော်လေး လက်တွန့်တယ်။ လုပ်တော့လည်း လုပ်ဖြစ်သွားတာပါ။ အခက်အခဲကတော့ အများကြီးပါပဲ။ ဆိုင်တစ်ခုဖွင့်တာ အတွေ့အကြုံတွေလည်း ရပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရတာလည်း ရှိတယ်။ ကိုယ်ကနေမကောင်းတော့ မသွားနိုင်မလာနိုင်နဲ့ လစ်ဟင်းတာတွေလည်း ရှိတယ်။ မိသားစုတွေ၊ ညီအစ်မတွေ၊ သူငယ်ချင်းတွေက ကူညီစောင့်ရှောက်ပေးကြလို့သာ အောင်အောင်မြင်မြင်နဲ့ ဖွင့်ဖြစ်သွားတာပါ။
■ မေး - အနုပညာနဲ့ပတ်သက်ရင်လည်း ချစ်လှစွာသောအမုန်း ဇာတ်ကားနဲ့ အကယ်ဒမီ ရစေချင်ကြတယ်နော်။ အဲဒီဇာတ်ကားနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါဦး။ဖြေ - ဘာပဲဖြစ်ဖြစ် ပရိသတ်ရင်ထဲ အဲဒီလောက်ထိ ရောက်သွားတာကို အများကြီးကျေနပ်ပါတယ်။ သက်မွန်ကိုယ်တိုင်လည်း ကျေနပ်တဲ့ ဇာတ်ကားတစ်ကားပါ။ အဲဒီကားလေး ပြန်ကြည့်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း မမြင်တော့ဘူး။ ဇာတ်ကားထဲမှာမျောပြီး မျက်ရည်ကျရတယ်။ သီချင်းထဲကလို အချစ်ထက်မကတဲ့ မေတ္တာနဲ့ဖန်တီးထားတဲ့ ကားလေးပေါ့။ ဒီကားလေးကတော့ ဆုတစ်ခုခုတော့ ရစေချင်ပါတယ်။
■ မေး - ချစ်လှစွာသောအမုန်း ဇာတ်ကားမှာက မျက်လုံးနဲ့ အဓိကသရုပ်ဖော်ထားတယ်။ သိမ်မွေ့တဲ့ အမူအရာမျိုးတွေနဲ့ ပရိသတ်ရင်ကို ဖမ်းစားနိုင်ခဲ့တာဆိုတော့ အာဒမ်ဧဝဒသမှာ သရုပ်ဆောင်ခဲ့ရတာနဲ့ဆိုရင် ဘာတွေကွာခြားလဲ။ဖြေ - အာဒမ်ဧဝကျတော့ သနားစရာဖြစ်သွားတာပေါ့နော်။ အချစ်ရူးတဲ့ ကောင်မလေးပေါ့။ ခံစားချက်တိုင်းကိုဖွင့်ပြီး လုပ်လို့ရတယ်။ အမုန်းမှာကျတော့ ကိုယ့်ခံစားချက်ကိုလည်း ပရိသတ်ကိုလည်း ဘာခံစားရလဲဆိုတာ သိအောင်ပြရတယ်။ ကိုယ့်ရဲ့ဇာတ်ကောင်ပုံစံကိုက ခံစားချက်ကို တခြားဇာတ်ကောင်တွေ မသိအောင်သိမ်းထားရတဲ့ ဇာတ်ရုပ်မျိုးဆိုတော့ အရမ်းခက်ခဲပါတယ်။ ပင်လည်းပင်ပန်းပါတယ်။ ကိုဝိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အရမ်းခံစားချက် ထည့်လိုက်ရင်လည်း ကိုယ့်ဇာတ်ကောင်ကို ထိသွားနိုင်တဲ့ အခါကျတော့ ခက်ခက်ခဲခဲ သရုပ်ဆောင်ရတဲ့အတွက် သဘောလည်းကျတယ်။ အားလည်းရပါတယ်။ ဒီလိုဇာတ်လမ်းကောင်းလေးမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ထုတ်လုပ်သူရော ဒါရိုက်တာပါ ကျေးဇူးတင်ပါတယ်။
■ မေး - အနုပညာသက်တမ်း ကြာလာတာနဲ့အမျှ အကယ်ဒမီပေါ်ထားတဲ့ ခံစားချက်တွေက ဘာတွေပြောင်းလဲလာလဲ။ဖြေ - ကိုယ်လုပ်တဲ့အလုပ်မှာ ထူးချွန်တယ်လို့ အသိအမှတ်ပြုတဲ့ ဆုကိုတော့ ဘယ်သူမဆိုလိုချင်တာပေါ့လေ။ မရသေးတော့လည်း မထူးချွန်သေးလို့ပေ့ါ။ ဆက်ပြီးကြိုးစားဖို့လည်း လိုသေးတယ်ပေါ့လေ။ အဲဒီလိုပဲ သဘောထားပါတယ်။
■ မေး - မကြာခင်ရုံတင်တော့မယ့် ဥပါယ်တံမျဉ် ဇာတ်ကားကလည်း ဇာတ်လမ်းပုံစံ ထူးခြားတယ်ဆိုတော့ အဲဒီဇာတ်ကားနဲ့ ပတ်သက်လို့လည်း ပြောပြပါဦး။ဖြေ - ဒီဇာတ်ကားကလည်း သက်မွန် သရုပ်မဆောင်ဖူးတဲ့ ဇာတ်ရုပ်မျိုးပေါ့။ အမူအရာ ပါးပါးလေးနဲ့တင် လုပ်ရတာပေါ့။ သဘောကျပါတယ်။ ပရိသတ်တွေလည်း သဘောကျမယ် ထင်ပါတယ်။ အချိန်အများကြီးပေးပြီးတော့ အားလုံးဝိုင်းပြီး ကြိုးစားထားကြတာဆိုတော့ ပရိသတ်တွေ ကျေနပ်မှာပါ။
■ မေး - သမီးလေးက ဘယ်တော့မွေးမှာလဲ။ဖြေ - ဇန်နဝါရီပထမပတ်မှာ ဝိတိုရိယမှာ မွေးမှာပါ။
■ မေး - သားလေးလည်းရှိနေပြီ။ သမီးလေးလည်း မွေးတော့မယ်ဆိုတော့ ပြည့်စုံတဲ့ခံစားချက်မျိုး ခံစားနေရမှာပေါ့။ဖြေ - တွေးကြည့်ရင် ကိုယ့်ဘဝကိုယ် တော်တော် ကျေနပ်ပါတယ်။ အစကတည်းကလည်း သမီးလေး လိုချင်နေတာဆိုတော့ ငါကံကောင်းဖူးသွားပြီပေါ့။ ကိုယ့်ဘဝက ပျော်စရာကြီးဆိုတဲ့ စိတ်ခံစားမှုက အမြဲရှိနေတော့ သမီးလေးလာရင်လည်း ပျော်စရာတွေအများကြီး ထပ်ဖြစ်လာမယ်လို့ တွေးမိပါတယ်။
■ မေး - အနုပညာ အလုပ်တွေကိုရော ဘယ်တော့ပြန်လုပ်ဖြစ်မလဲ။ဖြေ - ကလေးရော အမေပါ ကျန်းမာရေး ကောင်းတယ်ဆိုရင်တော့ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေအတွက် အမြန်ဆုံးတော့ ကြိုးစားပြီး ရိုက်ချင်ပါတယ်။ ဒီဘက်မှာလည်း ကလေးအတွက် အချိန်ပေးရမှာဆိုတော့ ကိုယ်ချစ်ရတဲ့ အနုပညာ အလုပ်အတွက်ရော၊ ချစ်ရတဲ့ကလေးအတွက်ပါ အကောင်းဆုံးချိန်ပြီး ကြိုးစားရမှာပေါ့။
■ မေး - ပရိသတ်ကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။ဖြေ - အများကြီး ကျေးဇူးတင်ပါတယ်။ သက်မွန်မှာ ပရိသတ်ပေးတဲ့ အင်အားနဲ့ပဲ ရပ်တည်နေတာပါ။ စိတ်ခွန်အားလည်း အများကြီးရပါတယ်။ အနုပညာအလုပ်တွေတင် မကဘဲ ဘဝဖြတ်သန်းမှုမှာပါ စိတ်ခွန်အားတွေ အများကြီးရစေတာပါ။ အဲဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။