တောင်ကိုရီးယား သမ္မတအိမ်တော်ကို ပစ်မှတ်ထားသော မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်

တောင်ကိုရီးယား သမ္မတအိမ်တော်ကို ပစ်မှတ်ထားသော မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်
Published 11 December 2016
Ref: AFP

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်ကို ပစ်မှတ်ထား၍ ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုကြီးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း အစိုးရမီဒီယာတွင် ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား အထူးတပ်ဖွဲ့၏ ယခုစစ်ရေးလေ့ကျင့်မှုသည် တောင်ကိုရီးယား သမ္မတ အိမ်ပြာတော် အပါအဝင် အဓိက ရန်သူ့ပစ်မှတ်များကို ဖျက်ဆီးရန်ဖြစ်သည်ဟု KCNA သတင်းဌာနတွင် ဖော်ပြခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုကို ကင်ဂျုံအွန်က စောင့်ကြည့်ရေးစခန်း တစ်ခုမှနေ၍ မှန်ပြောင်းဖြင့် ကြည့်ရှုခဲ့သည်ဟု သိရသည်။
မြောက်ကိုရီးယား အာဏာရပါတီ ရိုဒေါင်ရှင်မွန်တွင်လည်း စာမျက်နှာ နှစ်မျက်နှာ အပြည့်ဖြင့် စစ်ရေးလေ့ကျင့်မှု သတင်းများကို ဖော်ပြခဲ့သည်။ သို့သော် ထိုလေ့ကျင့်မှုအား မည်သည့်နေ့က ပြုလုပ်ခဲ့ကြောင်းကိုမူ မဖော်ပြခဲ့ပေ။ "ရန်သူ့တပ်ဖွဲ့တွေဟာ ပြန်တိုက်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုယ်အတွက်တောင် ပုန်းစရာနေရာ မရခဲ့ပါဘူး" ဟု ကင်ဂျုံအွန်၏ ပြောကြားချက်ကို ကိုးကားပြီး KCNA သတင်းဌာနတွင် ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၉ ရက်က တောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီးကို စွပ်စွဲပြစ်တင်ခဲ့ကြပြီးနောက် မြောက်ကိုရီးယား၏ ရန်စမှုအသစ်များ ထွက်ပေါ်လာခြင်းအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ လက်ရှိတွင် သမ္မတရာထူးကို ယာယီတာဝန်ယူနေရသည့် တောင်ကိုရီးယားဝန်ကြီးချုပ် ဟွမ်ကျိုးအန်က အရေးပေါ်ဝန်ကြီးအဖွဲ့ အစည်းအဝေးခေါ်ခဲ့ပြီး စစ်တပ်ကိုလည်း မြောက်ကိုရီးယားနှင့် ပတ်သက်၍ အထူးသတိရှိပြီး နိုးနိုးကြားကြားနေရန် အမိန့်ထုတ်ထားသည်ဟု သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ ပက်ကွမ်ဟီး အာဏာရုပ်သိမ်းခံရပြီး နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေများ ဖြစ်နေမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အစိုးရ မီဒီယာများ၌ သိသိသာသာ ဝမ်းသာနေကြောင်းကို ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားအစိုးရ မီဒီယာတွင် ပက်ကွမ်ဟီး၏ အတိတ်နှင့် ပတ်သက်၍ ပြင်းထန်သော ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကိုလည်း ဖော်ပြခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်က ရိုဒေါင်ရှင်မွန် သတင်းစာထဲတွင် ပက်ကွမ်ဟီးကို လုပ်ပိုင်ခွင့် မရှိတော့သော သမ္မတဟု ခေါ်ဆိုခဲ့ပြီး ရာထူးမှ နုတ်ထွက်ရန် ဆက်တိုက် ငြင်းဆန်နေခဲ့သည့် ပက်ကွမ်ဟီး၏ လုပ်ရပ်သည် စုန်းမတစ်ယောက်၊ စိတ်ဝေဒနာရှင် တစ်ယောက်၏ လုပ်ရပ်နှင့် တူညီသည်ဟုလည်း ရေးသားခဲ့သည်။
လေ့လာသူ အများစုကမူ မြောက်ကိုရီးယားသည် လက်ရှိတောင်ကိုရီးယား အခြေအနေများကို သာမက အမေရိကန်တွင် အသစ်တက်လာမည့် သမ္မတ ဒေါ်နယ်ထရန့်၏ အခြေအနေများကို စောင့်ကြည့်မည့်ဗျူဟာ သုံးလိမ့်မည်ဟု ယုံကြည်နေကြသည်။ မြောက်ကိုရီးယားသည် ထရန့်ကို စမ်းသပ်လိုသော်လည်း အထူးသဖြင့် နိုင်ငံခြားရေး မူဝါဒတွင် ထရန့်၏ သဘောထားမှာ ခန့်မှန်း၍ မရနိုင်သဖြင့် ခေတ္တစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ဖွယ် ရှိသည်။

Most Read

Most Recent