ဂီတအနုပညာရပ်ဝန်းမှာ အောင်မြင်နေသလို သူ့ရဲ့ပထမဆုံး သရုပ်ဆောင်မှုဖြစ်တဲ့ Charm ဆိုတဲ့ ဇာတ်လမ်းတွဲကလည်း ပရိသတ်တွေအကြားမှာ အားပေးမှုတွေရရှိခဲ့ပါတယ်။ လတ်တလောမှာ Lucky ဆိုတဲ့ တေးအယ်လ်ဘမ်သစ် ထွက်ရှိထားပြီး သူ့ရဲ့ ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Charm 2 ရုပ်သံဇာတ်လမ်းတွဲကိုလည်း ဒီဇင်ဘာ ၁၁ ရက်ကစပြီး mntv ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်နေပြီ ဖြစ်တာကြောင့် ဘန်နီဖြိုးနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် . . .
■ မေး - Let’s Go အစီအစဉ်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေနဲ့ မကြာခင်သွားတော့မယ့် Let's Go to China With Ve Ve နဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပြင်ဆင်သွားမလဲ။
■ ဖြေ - Let’s Go အစီအစဉ်နဲ့ ပတ်သက်ပြီး အမှတ်တရ တွေကတော့အများကြီးပါပဲ။ ခရီးစဉ်တွေမှာ အခက်အခဲတွေ ကြုံရတာရှိပေမယ့် အဲဒီလိုအခက်အခဲ ကြုံနေတုန်းသာ စိတ်ညစ်ရပေမယ့် ပြီးသွားရင်တော့လည်း အဲဒါတွေက အမှတ်တရတွေ ဖြစ်သွားတာပါပဲ။ နောက်ပြီး ခရီးတွေအတူသွားကြတဲ့ သူငယ်ချင်းတွေအားလုံးက လူငယ်တွေချည်းပဲဖြစ်သလို စိတ်တူကိုယ်တူ ရှိတာများတဲ့အတွက် ပျော်စရာအရမ်းကောင်းပါတယ်။ တရုတ်နိုင်ငံ ခရီးစဉ်က ဒီဇင်ဘာ ၁၅ ရက်မှာ စပြီးသွားမှာပါ။ အဲဒီခရီးစဉ်မှာ ကျွန်တော် စိတ်အလှုပ်ရှားဆုံးကတော့ ပြီးခဲ့တဲ့ဇွန်လထဲကမှ အသစ်ဖွင့်လှစ်ထားတဲ့ ရှန်ဟိုင်းက Dream World Studio ကြီးပါ။ ပြီးတော့ ကျွန်တော်တို့ အဲဒီကိုရောက်မယ့်အချိန်ကလည်း Star World ဇာတ်ကားသစ် မိတ်ဆက်တာတွေ ရှိနေတဲ့အတွက် ကျွန်တော် အရမ်းတက်ကြွပြီး ရောက်ချင်တဲ့ခရီးစဉ်တစ်ခုပါ။
■ မေး - မကြာခင်က ထွက်ရှိထားခဲ့တဲ့ Lucky တေးစီးရီးနဲ့ ပတ်သက်ပြီးတော့ရော အခုချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ဘန်နီဖြိုးရဲ့စိတ်ကျေနပ်မှုက ဘယ်လိုတွေရှိလဲ။
■ ဖြေ - ကျွန်တော့်အတွက် တစ်ကိုယ်တော် တေးစီးရီးသစ်မထွက်တာ အရမ်းကြာသွားတဲ့အတွက် Lucky တေးစီးရီးအတွက် ကျွန်တော် အရမ်းစိတ်ပူခဲ့ရတယ်။ စိတ်ဖိစီးမှုတွေလည်း များခဲ့တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ပရိသတ်တွေရဲ့ နှစ်သက်အားပေးမှုတွေကို ပြန်ကြားရတဲ့အတွက် အရမ်းပျော်ပါတယ်။ ကျွန်တော် ပင်ပန်းရကျိုးလည်း နပ်ခဲ့ပါတယ်။
■ မေး - Lucky တေးစီးရီးအတွက် အမ်တီဗွီရိုက်ကူးမှုတွေကိုရော ဘယ်လိုစီစဉ်ထားလဲ။
■ ဖြေ - ၂၀၁၇ ဇန်နဝါရီလထဲမှာစပြီး Lucky တေးစီးရီးအတွက် အမ်တီဗွီတွေ ရိုက်သွားမှာပါ။ ဒီဇင်ဘာလထဲမှာ သွားမယ့် Let's Go to China With Ve Ve ခရီးစဉ်မှာလည်း သီချင်းနှစ်ပုဒ်လောက်ကို ရိုက်ကူးခဲ့ဖို့ စီစဉ်ထားပါတယ်။ Lucky ရဲ့ ဒီဗွီဒီကို ကျွန်တော်စိတ်ကူး စီစဉ်ထားတာတွေရှိပါတယ်။ ပြောနိုင်တာကတော့ Lucky ရဲ့ ဒီဗွီဒီက ပုံစံတစ်မျိုးတော့ ကွဲထွက်လာမှာပါ။
■ မေး - ဒီဇင်ဘာ ၁၁ ရက်မှာ စပြီးထုတ်လွှင့်ပြသမယ့် Charm 2 ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ရှေ့ကအပိုင်းတွေထက် ဘာတွေပြောင်းလဲသွားတာရှိလဲ။ ဘယ်လိုတွေကြိုးစားထားလဲ။
■ ဖြေ - Charm 1 နဲ့ Charm 2 မှာ အဓိက, ကတော့ ဇာတ်လမ်းပိုင်းက လုံးဝကွဲသွားတယ်။ Charm 2 ကတော့ ဟာသဇာတ်လမ်း ဖြစ်သွားတာပေါ့။ သရုပ်ဆောင်မှုနဲ့ အလုပ်လုပ်ရတာမှာတော့ အားလုံးက အရင်ကထက်ပိုပြီး အတွေ့အကြုံလည်းရှိလာပြီ တွဲလာတာလည်းကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက်ကြား အပေးအယူပိုမျှလာတယ်။ အလုပ်လုပ်ရတာ ပိုကောင်းလာခဲ့တယ်။ အရင်ဇာတ်လမ်းထက် ပိုကောင်းအောင်လည်း အားလုံးကို သေချာကြိုးစားထားကြပါတယ်။
■ မေး - သရုပ်ဆောင်မှုမှာ ဟာသက ကိုယ့်အတွက် ပိုခက်တယ်လို့ ပြောဖူးတယ်နော်။ Charm 2 က ဟာသ ဇာတ်လမ်းဖြစ်နေတော့ ကိုယ့်အတွက် ဘယ်လိုအခက်အခဲတွေကြုံရလဲ။
■ ဖြေ - ဟာသသရုပ်ဆောင်ရတာ ကျွန်တော့်အတွက် ပိုခက်တာအမှန်ပါပဲ။ ဒါပေမဲ့ ဒါကို ဒါရိုက်တာဖြစ်တဲ့ ကိုသားညီက လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့တယ်လို့ ပြောရမှာပေါ့။ Charm ရဲ့ဘေးမှာ တခြားလူတွေ ဟာသသရုပ်တွေက Charm လို လိုက်လုပ်ရင်းနဲ့ လွဲတာလေးတွေကို အဓိကဟာသအနေနဲ့ တင်ဆက်ထားပါတယ်။ နောက်ပြီး အူကြောင်ကြောင်ပုံပေါက်နေတဲ့ Charm ရဲ့ ပုံစံကလည်း ပရိသတ်တွေ တော်တော်ရယ်နေရမယ် ထင်ပါတယ်။
■ မေး - Charm 1 နဲ့ Charm 2 ဘယ်ဇာတ်လမ်းတွဲကို ပိုပြီးကျေနပ်အားရမှုရှိလဲ။
■ ဖြေ - ကြိုးစားလုပ်ခဲ့တာတော့ အတူတူပါပဲ။ Charm 1 ကတော့ ကျွန်တော်လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ ဇာတ်လမ်းပုံစံပိုဖြစ်ခဲ့တယ်။ Charm 2 မှာတော့ အားလုံးရဲ့သဘောကို ကျွန်တော်က လိုက်လျောပြီး လုပ်ခဲ့တာပါ။ Charm 1 ကို ကြိုက်နှစ်သက်ခဲ့တဲ့ ပရိသတ်တွေအတွက် Charm 2 ကိုလည်း ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ တခြားမကြည့်ဖြစ်သေးတဲ့ ပရိသတ်တွေလည်း ကြည့်စေချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ပထမဆုံး သရုပ်ဆောင် အလုပ်တစ်ခုဖြစ်လို့ ဝေဖန်အကြံပေးစေချင်ပါတယ်။ နောက်ထပ် Charm 3 ရိုက်ကူးဖို့တော့ အစီအစဉ်မရှိပါဘူး။